နှစ်စဉ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လိုငွေဖြစ်သည့်အခါတိုင်း ပြည်တွင်းပြည်ပမှ ငွေချေးယူမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

နှစ်စဉ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လိုငွေဖြစ်သည့်အခါတိုင်း ပြည်တွင်းပြည်ပမှ ငွေချေးယူမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 24 October 2017

နှစ်စဉ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း လိုငွေဖြစ်သည့်အခါတိုင်း ပြည်တွင်းပြည်ပမှ ငွေချေးယူမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တေ်ာကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။

အောက်တိုဘာ ၂၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက “ပြည်ထောင်စုရဲ့ အရအသုံးခန့်မှန်းခြေငွေစာရင်းမှာ လိုငွေဖြစ်ပေါ်တိုင်း ထိုလိုငွေကို ဖြည့်ဆည်းနိုင်ဖို့ ဒီလိုပဲ ပြည်တွင်းပြည်ပကနေ ငွေချေးတဲ့အလုပ်ကိုပဲ လုပ်နေကြတော့မှာလား” ဟု ဆွေးနွေးသည်။

ဒေါ်ချိုချိုက ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေပြတိုင်းပြည်တွင်းပြည်ပက ချေးယူနေသည်ကို အားကိုးနေမည့်အစား နိုင်ငံ၏ဝင်ငွေများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲကို ပြည့်ဝစွာရောက်ရှိစေရန် လိုအပ်ကြောင်း၊ တိုင်းပြည်တစ်ပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ချေးငွေများကိုပဲ အားကိုးနေရခြင်းမျိုး မဖြစ်သင့်ကြောင်း၊ ချေးယူနိုင်သည့်ပမာဏ ဘီလျံ ၅၂၀၀ တွင် ပြည်ပမှချေးယူရန် လျာထားချက်သည် ဘီလျံ ၁၇၀၀ ကျော်ဖြစ်ပြီး ပြည်တွင်းမှ ချေးယူရန်လျာထားချက်မှာ ဘီလျံ ၃၄၀၀ ကျော်ဖြစ်ကြောင်း၊ ပြည်တွင်းမှချေးယူရာတွင် ငွေတိုက်စာချုပ်များ ရောင်းချခြင်းကို ရာခိုင်နှုန်း ၃၀ သတ်မှတ်လျာထားသည့်အတွက် ဗဟိုဘဏ်မှ ထုတ်ချေးမည့်ချေးငွေသည် ကျပ် ဘီလျံ ၁၀၀၀ ကျော် လျာထားခြင်းဖြစ်သည်ကို တွေ့ရကြောင်း ဆွေးနွေးသည်။

ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က “ဗဟိုဘဏ်ထံမှ ချေးငွေရယူမယ့်ကိစ္စကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူခြင်းကို အစိုးရငွေတိုက် လက်မှတ်များ လေလံတင်ရောင်းချတဲ့ ပျမ်းမျှဈေးကွက်အတိုးနှုန်းနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေထုတ်ချေးပေးသွားမယ်လို့ သိရပါတယ်။ ၎င်းချေးငွေပမာဏဟာ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း တင်သွင်းတဲ့အခါ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း သိရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခြေခံအဆောက်အအုံများ လိုအပ်ချက်မြင့်မားတဲ့အတွက် ဘတ်ဂျက်လိုငွေနဲ့ တိုင်းပြည်တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရတာဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်များအတွက် မဖြစ်မနေ ရွေးချယ်မှုတစ်ရပ် ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြည့်ဆည်းပေးမလဲဆိုတာက အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘတ်ဂျက်လိုငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကြေးရိုက်နှိပ် ထုတ်ဝေတဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းခြင်းဟာ ငွေကြေးဖောင်းပွမှုဖိအားကို များစေပြီး မြန်မာကျပ်ငွေရဲ့ သုံးစွဲနိုင်စွမ်း လျော့နည်းလာတာကြောင့် ပြည်သူအများကြားမှာ လူနေမှုအဆင့် နိမ့်ကျသွားတဲ့ အကျိုးဆက်ကို ခံစားရနိုင်ပါတယ်။ ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာအရ ဘတ်ဂျက်လိုငွေဖြည့်ဆည်းမှုကို သက်တမ်းရှည်ပြီး အတိုးနှုန်းနည်းတဲ့ ပြည်ပချေးငွေနဲ့ ဖြည့်ဆည်းခြင်းအပြင် အများပြည်သူ စုဆောင်းငွေနဲ့ ဖြည့်ဆည်းဖို့ အစိုးရငွေတိုက်လက်မှတ်နဲ့ ငွေတိုက်စာချုပ် လေလံတင်ရောင်းချခြင်းတို့ကို ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူခြင်းကို နောက်ဆုံးဖြည့်ဆည်းရာ နည်းလမ်းအနေနဲ့ သတ်မှတ်ထားတာကို သိရှိခဲ့ရပါတယ်။ ၂၀၁၇-၂၀၁၈ မှာ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ငွေစက္ကူ ရိုက်နှိပ်ရတဲ့ပမာဏဟာ မူလလျာထားချက်ဖြစ်တဲ့ ဘတ်ဂျက်လိုငွေရဲ့ ရာခိုင်နှုန်း ၃၀ အတွင်း ကျရောက်ပါသလားဆိုတာကို မေးမြန်းရင်း နိဂုံးချုပ်ပါတယ်” ဟု ဆွေးနွေးသည်။

အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “အကြွေးတင်ရင် ဘုရင်ဆပ်လိမ့်မယ်ဆိုတာ ငယ်ငယ်က ကြားဖူးပါတယ်။ အဲဒီတော့ ဘုရင်က ပိုက်ဆံချေးမယ်။ ဘုရင်အဆက်ဆက်ကပြောင်းမယ်။ နောက်ဆုံးမှာ ဒီအကြွေးကို လူထုကပဲ ဆပ်ရပါတယ်။ ဒါလေးက အခြေခံလေးပါ။ နိုင်ငံတစ်ခုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ လက်ရှိမှာ ကျွန်တော်တို့အစိုးရရဲ့ စီးပွားရေးပေါ်လစီ ဘယ်လောက်အထိ အခြေခိုင်လဲ။ ဘာတွေတိတိကျကျ ပြတ်ပြတ်သားသားနဲ့ ကျွန်တော်တို့ရဲ့ သယံဇာတ အရင်းအမြစ်တွေကို အခြေခံပြီးတော့မှ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ Year by Year Plan ဘယ်လိုရှိလဲဆိုတာ အရေးကြီးလာပါတယ်။ အဲဒီအခါမှာ ကမ္ဘာ့ဘဏ်မှာဆိုလည်း အကြွေးတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ရဲ့ အကြွေးတွေကိုပြန်ကြည့်ရင် ၂၀၁၆-၂၀၁၇ မှာ နိုင်ငံခြားပြည်ပက တစ်သောင်းခြောက်ရာငါးဆယ့်သုံးဘီလျံ ရှိပါတယ်။ ဂျီဒီပီရဲ့ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပြည်တွင်းအကြွေးကိုကြည့်ရင် တစ်သောင်းခြောက်ထောင်သုံးရာသုံးဆယ့်လေး ရှိနေပြီးတော့ ဂျီဒီပီရဲ့ ၂၀ ဒသမ ၁ ရာ ခိုင်နှုန်းရှိပါတယ်။ ဂျီဒီပီကလည်း မှန်ဖို့လိုပါတယ်။ ဂျီဒီပီမှာ ကိန်းဂဏန်းဖောင်းပွနေခဲ့လို့ရှိရင် လိုငွေသည် ငါးရာခိုင်နှုန်းအောက်မှာ ထားပေးရပါတယ်။ အခု ၄ ဒသမ ၅၃ ရာခိုင်နှုန်းလို့လည်း ပြောတယ်။ ၄ ဒသမ ၅၂ ရာခိုင်နှုန်းလို့လည်း ပြောတယ်။ တကယ်လို့များ ငါးရာခိုင်နှုန်း ကျော်သွားခဲ့လို့ရှိရင် စီးပွားရေးပညာရှင်တွေ ပြန်သုံးသပ်ရမယ့်အချိန်လည်း ရောက်နေပါပြီ။ အခု အစိုးရကထုတ်ရောင်းမယ့် အစိုးရငွေတိုက်စာချုပ်တွေနဲ့ပတ်သက်တဲ့ ကဏ္ဍမှာဆိုရင် ငွေကြေးပေါ်လစီ ခိုင်ခိုင်မာမာရှိဖို့ လိုတယ်ဆိုတဲ့ ကဏ္ဍကို မီးမောင်းထိုးပြလာပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်အောင် ပေါ်လစီချပြီးပြီလား။ ငွေကြေးလွတ်လပ်ခွင့်ဈေးကွက်ကို ဖန်တီးပေးထားပြီလား။ ပြည်တွင်းဘဏ်တွေ Deposite ထားကြတယ်။ ကျွန်တော်တို့ ပြည်ပကိုရောက်တိုင်း ရင်နာစရာတစ်ခုက မြန်မာငွေကို ဘယ်မှာမှ လဲလို့မရဘူး။ တာကာ၊ ရူပီး စတဲ့ငွေတွေလဲလို့ရတယ်။ မြန်မာငွေလဲလို့ မရဘူး။ စံလင်း၊ မောင်ကောင်းခေတ်က ဘာလို့ သုံးလို့ရခဲ့သလဲ။ အခုဆိုရင် စတော့အိတ်ချိန်းဈေးကွက် ပျက်နေပြီ။ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေး အခြေခံနိုင်ငံလား။ စက်မှုလက်မှုလုပ်ငန်းကို အခြေပြုပြီး တိုးတက်အောင်လုပ်နိုင်တဲ့ နိုင်ငံလားဆိုတာ ပြန်ပြီးသုံးသပ်ပြီးတော့မှ တိတိကျကျနဲ့ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်ရငွေ သုံးငွေကို ဘယ်လို စီမံခန့်ခွဲမလဲ။ ပြီးတော့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုတာဟာ အစိုးရတစ်ရပ်ရဲ့ စီးပွားရေးမူဝါဒကို စီမံခန့်ခွဲနိုင်တဲ့ အစိုးရရဲ့ Fiscal Policy နဲ့ ပတ်သက်ပါတယ်။ အခုဆိုရင် ဘီလျံ ၁၂၀၀ ချေးပြီးတော့မှ ငွေကြေးဈေးကွက်မှာ ထုတ်ရောင်းမယ့်ဟာတွေသည် ပြီးခဲ့တဲ့အစိုးရထက် ငွေကြေးဖောင်းပွမှုဟာ ၁၄ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်ဆိုတဲ့ အခြေအနေကို သုံးသပ်လို့ရှိရင် လက်ရှိငွေကြေးဖောင်းပွမှုထက် များတဲ့နှုန်းတွေနဲ့ စာချုပ်တွေကို ရောင်းနိုင်ပါစေလို့ အကြံပြု ဆွေးနွေးပါတယ်” ဟု ဆွေးနွေးသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက အခွန်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမှုကို အထောက်အပံ့ကောင်းပေးနိုင်သည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအတွက် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ် ဖြစ်ပေါ်စေရန်၊ ငွေကြေးလည်ပတ်မှု မှန်ကန်စေရန်နှင့် ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရန် အခွန်များကို ရည်ရွယ်ကောက်ခံခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အခွန်မဟုတ်သည့် ဝင်ငွေများအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲသို့ ပြည့်ဝစွာရောက်ရှိပြီး တိုင်းပြည်နှင့် လူမျိုးအမှန်တကယ် အကျိုးရှိအောင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ သုံးစွဲရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေ မရှိမဲ့ရှိမဲ့လေးနှင့် တည်ဆောက်ရေး လုပ်ငန်းများဖြစ်သည့် လမ်းတံတားနှင့် အခြားအဆောက်အအုံများအတွက် ဘတ်ဂျက်ခွဲေ၀ သတ်မှတ်ရာတွင် ဒေသပေါက်ဈေးနှင့် တွက်ချက်ထားပုံမှာ မချိမဆန့်ဖြစ်ပြီး တစ်ဦးတစ်ယောက်ကောင်းစားရေး၊ တစ်စုတစ်ဖွဲ့ ကောင်းစားရေးအတွက် လုပ်ဆောင်နေသလားဟုတောင် ထင်ရကြောင်း ဒေါ်ချိုချိုက ဆွေးနွေးသည်။

Most Read

Most Recent