NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA စာချုပ်တွင် လိုအပ်ချက်များရှိပါက ပြင်ပကပြောမည့်အစား NCA အတွင်းသို့ဝင်ရောက်ကာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖိတ်ခေါ်

NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA စာချုပ်တွင် လိုအပ်ချက်များရှိပါက ပြင်ပကပြောမည့်အစား NCA အတွင်းသို့ဝင်ရောက်ကာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖိတ်ခေါ်
Published 24 October 2017

ရန်ကုန်မြို့ NRPC တွင်ပြုလုပ်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ DPN တို့၏ သတ္တမအကြိမ်မြောက် တရားဝင်တွေ့ဆုံပွဲကို တွေ့ရစဉ်

NCA မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA စာချုပ်တွင် လိုအပ်ချက်များရှိပါက ပြင်ပကပြောမည့်အစား NCA အတွင်းသို့ဝင်ရောက်ကာ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA ရေးထိုးနိုင်ရေး အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ အောက်တိုဘာ ၂၃ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့် သတ္တမအကြိမ်မြောက် တရားဝင်တွေ့ဆုံပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က NCA စာချုပ်ပေါ်ပေါက်လာသည့် အခြေအနေများကို ဦးစွာပြန်လည်ရှင်းလင်းပြောကြားသည်။

“NCA ဆိုတာ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်မဟုတ်ပါဘူး။ NCA ဆို ငြိမ်းချမ်းရေးရဲ့မုခ်ဦး၊ တံခါး၀ ပထမအစပဲဖြစ်ပါတယ်။ ဒီအစကနေ အားလုံးညှိနှိုင်းတိုင်ပင်သွားကြဖို့ဆိုပြီးတော့ ဒီလိုမျိုးဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုပဲ ပြောလိုပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ကမ္ဘာမှာပဲပေါ့လေ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူ့အခြေအနေ၊ သူ့အချိန်အခါ သဘောတူညီစွာ ရေးဆွဲပြဋ္ဌာန်းထားတဲ့ သဘောတူညီချက်တွေ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို သူ့အခြေအနေ၊ အချိန်အခါနဲ့အညီ လိုအပ်လို့ရှိရင် ပြင်ဆင်လို့ ဖြည့်စွက်ဖို့ သူ့သတ်မှတ်ထားတဲ့ နည်းလမ်းများနဲ့အညီ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ NCA ကိုလည်း ကျွန်တော်တို့ဖြစ်စေချင်တာကတော့ NCA ထဲမှာ ကိုယ်တိုင်ရေးဆွဲခဲ့ပေမဲ့ နောက်ပိုင်းမှာ အခြေအနေအကြောင်းအရာ အရပ်ရပ်ကြောင့် လိုအပ်ချက်တွေရှိတယ်ဆိုရင် NCA ရဲ့အပြင်ကနေပြီးတော့ ပြောကြမယ့်အစား NCA အတွင်းထဲဝင်လာပြီးတော့ NCA အတွင်းမှာ ညီညီညွတ်ညွတ်မျှမျှတတနဲ့ အားလုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ဆောင်ရွက်ပေးကြပါလို့။ ကျန်ရစ်ခဲ့တဲ့အဖွဲ့တွေ အားလုံးကို ဒီနေရာကနေ မေတ္တာရပ်ခံရင်းဖိတ်ခေါ်ပါတယ်။ တကယ်လည်း လှိုက်လှိုက်လဲှလဲှ ဖိတ်ခေါ်ပါတယ်” ဟု ဦးသိန်းဇော်က ဆိုသည်။

ထိုသို့ဖိတ်ခေါ်မှုသည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုသည့် အစိုးရဘက်ခြမ်းကသာမဟုတ်ဘဲ NCA အတွင်းထဲတွင် ပါဝင်လက်မှတ်ရေးထိုးပြီးသားဖြစ်သည့် Signatory Group (NCA ထိုးထားသည့် ရှစ်ဖွဲ့) သည်လည်း အဆိုပါသဘောထားရှိပြီး NCA မူဘောင်ထဲသို့ ဝင်လာနိုင်ရေးအတွက် တံခါးအမြဲတမ်းဖွင့်ထားကြောင်း ၎င်းကဆိုသည်။

NCA စာချုပ်သည် တပ်မတော်၏ ငြိမ်းချမ်းရေး မဟာဗျူဟာတစ်ခုအနေဖြင့် သတ်မှတ်ကာ အစဉ်တစိုက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ NCA လက်မှတ်ထိုးခဲ့ခြင်းသည် နှစ်နှစ်သာရှိသေးပြီး NCA စာချုပ်တွင် ပြည့်ပြည့်စုံစုံ ရှိကောင်းမှရှိမည်ဖြစ်ကြောင်း၊ ဥပဒေတစ်ခုတွင် နည်းဥပဒေရှိသကဲ့သို့ NCA စာချုပ်အရ UPDJC နှင့် JMC ဆိုပြီးထပ်မံခွဲထားကြောင်း၊ UPDJC နှင့် JMC တွင် SOP (လုပ်ထုံးလုပ်နည်း) များ၊ TOR (လုပ်ငန်းလမ်းညွှန်) များရှိကြောင်း၊ NCA သည် အခြေခံသာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရသည့် အပိုင်းများကို မည်သည့်အနေအထားဖြင့် အကောင်အထည်ဖော် ဆုံးဖြတ်ရမည်ကို TOR များ၊ SOP များဖြင့်သွားခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

“NCA မှာမကြိုက်ဘူး။ အခြေခံအချက်တွေ မကြိုက်ဘူးဆိုရင် ခုနက SOP၊ TOR တွေပြင်လို့ရပါတယ်။ NCA မှာလည်း တချို့ဥစ္စာတွေ ညှိနှိုင်းဆောင်ရွက်လို့ရပါတယ်။ ဒီလိုလုပ်လို့ရှိရင် ခုနကပြောတဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အခုလည်း NCA ကိုအသုံးပြုတယ်။ အကောင်အထည်ဖော်တယ်ဆိုတဲ့ဟာက နှစ်နှစ်ပဲရှိပါသေးတယ်။ ဒီနှစ်နှစ်အတွင်း လာမယ့်ဒီအပတ်ထဲမှာပဲ NCA နဲ့ပတ်သက်ပြီးတော့ ဘယ်ဟာတွေက အားနည်းချက်ရှိတယ်။ ဘယ်နေရာတွေမှာ အကောင်အထည်ဖော်တဲ့နေရာတွေမှာ ဘယ်အပိုင်းတွေမှာ ဘယ်လို SOP တွေဆွဲသင့်တယ် စသည်ဖြင့် ဒါတွေကို ကျွန်တော်တို့ Review လုပ်မှာဖြစ်ပါတယ်။ Review လုပ်ပြီးရင် ပိုပြီးတော့ကောင်းမွန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်အောင် စီမံဆောင်ရွက်မှာဖြစ်ပါတယ်။ NCA ကိုအကောင်အထည်ဖော်တဲ့ SOP တို့၊ TOR တို့ဒါတွေကို ပြင်ကောင်းပြင်ရပါတယ်။ NCA ထဲဝင်ပြင်လိုက်ပါ။ ရပါတယ်။ ဒါတော့ ကျွန်တော်တို့ကဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ အသီးသီးဆွေးနွေးပြီးသားဖြစ်တဲ့အတွက် သဘောတူညီချက်တစ်ခု ဒါလေးတော့ရသင့်ပြီလို့ ထင်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။

DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်က NCA စာချုပ်ပြင်ခြင်း၊ ပြုခြင်းလုပ်မည်ဟု စခဲ့ခြင်းမဟုတ်ကြောင်း၊ မိမိတို့မည်သည့်အတွက်ကြောင့် NCA ကိုပါဝင်လက်မှတ်ရေးထိုးရန် ပြင်ဆင်ချိန်က မည်သည့်အတွက်ကြောင့် မပါနိုင်ခဲ့သနည်းဟုမေးပါက NCA တွင် ပြဋ္ဌာန်းချက်အချို့သည် အနည်းငယ် အားနည်းနေသေးသည့်အတွက် အကျေအလည် ညှိနှိုင်းဆောင်ရွက်ရန် လိုသေးသည်ဟု မိမိတို့ဘက်ကအမြင်ရှိကြောင်း၊ ထို့ကြောင့် အားနည်းချက်များ အားသာချက်ဖြစ်ရန် အကောင်အထည်ဖော်သည့်အခါမျိုးများတွင် အားကောင်းလာစေရန်အတွက် အဆိုပြုချက်ရှစ်ချက်နှင့် ဆွေးနွေးနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

“အခုဆိုရင် အဆိုပြုချက်ရှစ်ချက်နဲ့ ပတ်သက်ပြီး ၁၅ လကျော်လာပြီဆိုတော့ ဒါဟာမကြာသင့်ဘဲ ကြာသွားပြီလို့ မှတ်ယူလို့ရလား။ သို့တည်းမဟုတ် ကျွန်တော်တို့နှစ်ဖက်စလုံးကပဲ တွေ့ဆုံဆွေးနွေးမှု ယဉ်ကျေးမှုနဲ့ မယဉ်ပါးသေးလို့ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့အခါမျိုးတွေမှာ နည်းနာပိုင်းနဲ့ပတ်သက်လို့ လွဲချော်နေလား။ အားနည်းနေလားဆိုတဲ့ အတွေးတွေလည်း တစ်ခါတစ်ရံပေါ်ပါ တယ်။ သို့သော် ကျွန်တော်တို့အတတ်နိုင်ဆုံး တိုင်းပြည်ပေါ်မှာထားရှိတဲ့ မေတ္တာစေတနာကို ရှေ့ထားပြီးတော့ အကောင်းဆုံးနှစ်ဖက်စလုံးက လက်ခံလာဖို့ အတူတကွလျှောက်လှမ်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရောက်အောင် ညှိနှိုင်းအဖြေရှာမယ်ဆိုတဲ့ ရည်မှန်းချက် ကျွန်တော်တို့မှာရှိပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီရှစ်ချက်ကို နည်းလမ်းကောင်းတစ်ခုနဲ့ ကျော်လွှားဖို့ အချိန်တန်ပြီလို့တော့ နားလည်ပါတယ်” ဟု ခူဦးရယ်က ဆိုသည်။

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်သည်။

Most Read

Most Recent