<

ပန်းဦးလွှတ်အရေး ဘယ်လိုဖြေရှင်းကြမလဲ

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူ၏ ဓာတ်ပုံများ

အောက်တိုဘာလလယ်ပိုင်းတွင် မွန်ပြည်နယ် သထုံမြို့နယ်မြောက်ပိုင်း ဇရစ်ချောင် ကျေးရွာအုပ်စုရှိ အလံတစ်ရာ နယ်မြေတွင် လူအများ စိတ်ဝင်စားသည့် သတင်းတစ်ပုဒ် ထွက်ပေါ်ခဲ့သည်။ အဆိုပါသတင်းမှာ အလံတစ်ရာ ဆရာတော်ကြီး ၀င်စားသူဟု ဆိုသူက အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ပေါင်းသင်း နေထိုင်သည်ဆိုသည့် သတင်းဖြစ်သည်။

အလံတစ်ရာ ဆရာတော်ကြီး ၀င်စားသူဟု ဒေသခံ ပအိုဝ်းတိုင်းရင်းသားများကို လိမ်လည်ထားသူမှာ အသက် ၂၅ နှစ်ရှိ ခွန်တန် (ခ) ဇာတ်လိုက် ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီးငယ်များမှာ ရှစ်ဦးအထက်ရှိကြောင်း အဆိုပါဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ခွန်တန် (ခ) ဇာတ်လိုက်ဆိုတာ ဘယ်သူလဲ

ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူမှာ အသက် ၂၅ နှစ်အရွယ်ရှိသူဖြစ်ပြီး ငယ်ရွယ်စဉ်က ကိုရင်ဝတ်ခဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်တွင် လူထွက်ခဲ့သူ ဖြစ်သည်။

ငယ်ရွယ်စဉ်က အလံတစ်ရာဆရာတော်ကြီး ၀င်စားသူဟု နာမည်ကြီးခဲ့သူဖြစ်ပြီး အဆိုပါ ဆရာတော်ကြီး၏ ဒါယိကာ၊ ဒါယိကာမများကို မှတ်မိသူတစ်ဦးဖြစ်သည် ဟုဆိုကာ အလှူခံခဲ့သူ တစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသူ သထုံဒေသခံ တစ်ဦးက ဆိုသည်။

အသက်အရွယ် ကြီးမြင့်လာချိန်တွင် ဒေသခံ တိုင်းရင်းသားများက ကိုးကွယ်လာပြီး ခွန်တန်မှာ လက်နက် ကိုင်ဆောင်ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“သူ့အဖွဲ့တင် မဟုတ်ဘူး။ သူကိုယ်တိုင် လက်နက်ကိုင်တယ်” ဟု အဆိုပါ အမည်မဖော်လိုသူ ဒေသခံက ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသား ဒေသခံများ၏ ယုံကြည်မှုကို အခွင့်ကောင်းယူကာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ဒေသခံ ပအိုဝ်းတိုင်းရင်းသားများ၏ မိန်းကလေးငယ်များကို သိဒ္ဓိတင်ပေးမည်ဟုဆိုပြီး အတူအိပ်စက်ခဲ့ကြောင်း၊  ဘာသာရေးအကြောင်းပြ လုပ်ဆောင်ခြင်းကြောင့် မိဘများမှာလည်း ပြောဆိုတားဆီးခြင်း မရှိကြောင်း သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

“သူက အလံတစ်ရာ ဆရာတော်ဘုရားကြီး ၀င်စားတယ်ဆိုပြီး ရောက်လာတယ်။ အဲဒီမှာလည်း သူက တချို့ကိစ္စတွေ ပြောနိုင်တာရှိတယ်။ ဒါပေမဲ့ ကျွန်မအမြင်ကတော့ ပအိုဝ်းတိုင်းရင်းသားတွေက ရိုးသားကြတယ်။ သူတို့ရင်ထဲမှာ အလံတစ်ရာ ဆရာတော်ဘုရားကြီးကို ကြည်ညိုတဲ့အစွဲဟာ တော်တော်ကြီးကို ရှိတယ်။ သူပြောသမျှကို အလံတစ်ရာ ဆရာတော်ဘုရားကြီး ပြောတယ်လို့ပဲ မှတ်ယူနေကြတယ်။ အဓိကဇာစ်မြစ်က အဲဒါပဲ။ တကယ်လို့သာ ဆရာတော်ဘုရားကြီး ၀င်စားတယ်ဆိုရင် ဆရာတော်ဘုရားကြီးဟာ သူတော်ကောင်း ဖြစ်တဲ့အတွက် ဒီလိုမျိုး ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မှာ မဟုတ်ဘူး။ မသိတော့ဘူးပေါ့။ အမှားအမှန်ကို ခွဲခြားနိုင်ခြင်း မရှိတော့ဘူး ဖြစ်သွားတာ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ပြောကြားသည်။

ထိုသို့အခြေအနေများကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့က နှစ်ကြိမ်တိုင် သတိပေးထားကြောင်း၊ ဘာသာရေး အကြောင်းပြပြီး ယခုလို ပန်းဦးလွှတ်ခြင်းကိစ္စများ ပေါ်ပေါက်လာသဖြင့် သတိပေးထားခြင်း ဖြစ်ကြောင်း လက်ရှိမွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက မီဒီယာများကို ပြောကြားထားသည်။

ထိုသို့ဖြစ်စဉ်များကို ဖော်ထုတ်သူများမှာ ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များရှိနေပြီး ယင်းဖြစ်စဉ်များမှာ ၂၀၁၂ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဖြစ်စဉ်အား ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“ဒီကိစ္စတွေက ၂၀၁၂ ခုနှစ်လောက်ကတည်းက ဖြစ်နေတာ။ အာဏာပိုင်တွေဘက်က အဲဒီကတည်းက ဖြစ်နေတာကို သေသေချာချာ အရေးယူပေးမယ်ဆိုရင် ဒီဖြစ်စဉ်က အခုလောက်အထိ ကြီးမလာဘူး” ဟု ၎င်းက ပြောကြားသည်။

ပန်းဦးလွှတ်ခြင်းဖြစ်စဉ်အား ဒေသခံ ပအိုဝ်းတိုင်းရင်းသားများတွင် အများဆုံး ကျူးလွန်ခံရခြင်းဖြစ်ပြီး သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမျိုးသမီးငယ်များမှာ ရှစ်ဦးအထက်ရှိကြောင်း ဖြစ်စဉ်ကို ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

ခွန်တန်ကို ဘယ်လိုအရေးယူမလဲ

မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် ယင်းအခြေအနေများကို ပြည်ထောင်စုအဆင့်မှ ပြည်နယ်အစိုးရနှင့် ပူးပေါင်းကာ ကိုင်တွယ်အရေးယူ ဆောင်ရွက်သွားရန်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရအောင်ကိုက အောက်တိုဘာ ၁၉ ရက်တွင် ပြည်သူ့လွှတ်တော်သို့ လာရောက်စဉ် မီဒီယာများအား ပြောကြားသည်။

ထိုသို့ပြောကြားခြင်းမှာ မီဒီယာများက မေးမြန်းသည့် အချိန်အထိ ယင်းဖြစ်စဉ်အား ပြည်ထောင်စုဝန်ကြီးက သိရှိခြင်းမရှိဘဲ အနားတွင်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်အား မေးမြန်းပြီးမှသာ ဖြေကြားနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယခုအချိန်မှသာ သိရှိရခြင်းဖြစ်ပြီး တိုင်ကြားစာများလည်း ရောက်ရှိခြင်း မရှိသေးကြောင်း၊ သို့ရာတွင် မွန်ပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးဌာန ပူးပေါင်းပြီးတော့ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သေချာပေါက် အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

အလံတစ်ရာ ဆရာတော်ဘုရားကြီးအား ပအိုဝ်းတိုင်းရင်းသားများက ဘုရားတစ်ဆူကဲ့သို့ပင် ယုံကြည် ကိုးကွယ်ခဲ့ကြပြီး မိမိနှင့်လည်း ၁၉၈၉ ခုနှစ် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ဆရာတော်နှင့်အတူ သာသနာ ပြုခဲ့ဖူးကြောင်း၊ ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီးနောက် သထုံမြို့နယ် အလံတစ်ရာဒေသတွင် အလံတစ်ရာဆရာတော် ၀င်စားသည် ဟုဆိုသည့် ကိုရင်တစ်ပါး ရောက်လာခဲ့သည်ဟု သတင်းကြားရကြောင်း၊ အဆိုပါကိုရင်သည် ဆရာတော် သီတင်းသုံးခဲ့သည့် နေရာ၊ အသုံးအဆောင် ပစ္စည်းများမှအစ အကုန်လုံး အမှန်အတိုင်း ပြန်လည်ပြောပြနိုင်သည်ဟု ဆိုသည့်အတွက်ကြောင့် ရွာသူရွာသား အများစုသည် ဆရာတော် ၀င်စားသည်ဟု အကြွင်းမဲ့ ယုံကြည်ကြကြောင်း သူရဦးအောင်ကိုက ဆိုခဲ့ပြီး ယခုကဲ့သို့ ကျူးလွန်မှုများမှာ ဘာသာရေး ယုံကြည်မှုအပေါ် အမြတ်ထုတ်ပြီး လူမှုရေးချိုးဖောက်မှုတစ်ခု ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက သုံးသပ်ပြောကြားသည်။

“အဲဒီယုံကြည်မှု၊ ရိုးသားမှုကို လူမှုရေးအရ ချိုးဖောက်အမြတ်ထုတ်တာ ဖြစ်တယ်လို့ ဒါခန့်မှန်းလို့ ရပါတယ်။ သုံးသပ်လို့ရပါတယ်။ ဒါကို အမြန်ဆုံး အမှုဖွင့်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” သူရဦးအောင်ကိုက ပြောကြားသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကလည်း ခွန်တန်အား ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး သတင်းပေါက်ကြားမှုကြောင့် လက်ရှိတွင် ရှမ်းပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ရှမ်းပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနသို့ ပြောကြားသည်။

သို့သော်ခွန်တန်မှာ သြဂုတ်လကတည်းက ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ကိုင်တွယ်မှုမှာ အားနည်းကြောင်း အဆိုပါဖြစ်စဉ်အား စုံစမ်းဖော်ထုတ်ခဲ့သူ တစ်ဦးက ဝေဖန်ပြောကြားသည်။

“သူထွက်ပြေးသွားတာက ရှစ်လပိုင်းကတည်းက ထွက်ပြေးသွားတာ။ ပြောချင်တာကတော့ သာသနာ့နယ်မြေလို့ ကြွေးကြော်ထား တဲ့ အလံတစ်ရာဒေသကို သန့်ရှင်းစင်ကြယ်အောင် လုပ်ဆောင်ပေးစေ လိုပါတယ်” ဟု အဆိုပါ စုံစမ်းဖော်ထုတ်သူက ဆိုသည်။

ထိုသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်ဖမ်းဆီးမည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးစိုးစိုးဇော်အား အောက်တိုဘာ ၂၂ ရက် နံနက်က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စအား နယ်လုံဝန်ကြီးမှသာ သိနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် သိရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

ထိုသို့ဖြစ်စဉ်များကို ဖော်ထုတ်ခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့နှင့် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်တို့မှာ ခြိမ်းခြောက်ခံရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။

“၀န်ကြီးနဲ့ကျွန်မ လုပ်ရတာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ အခုချိန်အထိ ၀န်ကြီးကို တစ်ချိန်လုံး သတ်မယ်လို့ ခြိမ်းခြောက်တဲ့ Message တွေလာပါတယ်။ ကျွန်မဆီကိုလည်း Message ပေါင်းများစွာ ပို့ပါတယ်။ တစ်ချိန်လုံး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ အဲဒီဖြစ်စဉ် ကျွန်မတို့နှစ်ယောက် အခုလက်ရှိ ကြုံနေရတာပါ” ဟု အောက်တိုဘာ ၁၇ ရက်က မော်လမြိုင်မြို့ ငွေမိုးဟိုတယ်တွင် ပြုလုပ်သော ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေးတွင် ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် အသက်အရွယ် ငယ်ရွယ်သူများ ပါဝင်ခြင်းကြောင့် ကလေးသူငယ် မုဒိမ်းမှုဖြင့် အရေးယူ ဆောင်ရွက်နိုင်ပြီး ဘာသာသာသနာ အကြောင်းပြ လုပ်ဆောင်ခြင်းကြောင့် သာသနာကို ညစ်နွမ်းစေသဖြင့် အရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ Equility Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားသည်။

“အခု ကျွန်တော်တို့ ပြောနေကြတဲ့ အသက်ငယ်တဲ့သူတွေကို ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းပေါ့။ ဒီအောက်မှာ အများကြီး အကျုံးဝင်တယ်။ နောက်တစ်ခုက ဘာသာ၊ သာသနာကို အကြောင်းပြတဲ့ အတွက်ကြောင့် ဘာသာ၊ သာသနာကို ညစ်နွမ်းစေမှုနဲ့ ထပ်အရေးယူရမယ်” ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် ကလေးငယ်များ၏ အုပ်ထိန်းသူများကိုယ်တိုင် ကြောက်ရွံ့မှုများ ရှိနေသဖြင့် ၎င်းတို့အား အားပေးထောက်ခံမှု၊ ၀န်းရံမှုများ ပြုလုပ်ကာ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း အဆိုပါ ဖြစ်စဉ်အား ဖော်ထုတ်ခဲ့သူ တစ်ဦးက ပြောကြားသည်။

“မိဘတွေကိုယ်တိုင်က အကြောက်လွန်တာတွေ ရှိနေတယ်။ သူတို့ကို လူရှေ့သူရှေ့မှာ ထုတ်ဖော် ပြောကြားနိုင်အောင် မနည်းဆွဲထုတ်နေရတယ်။ အားပေးမှု၊ ၀န်းရံမှုတွေ လုပ်နေရတာပေါ့” ဟု ၎င်းက ပြောကြားသည်။

လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုမြင်လဲ

မွန်ပြည်နယ်ဖြစ်စဉ်မှာ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများအရ ယုံကြည်မှုနှင့် သက်ဆိုင်ခြင်း ဖြစ်သော်လည်း နိုင်ငံတကာ လူ့အခွင့်အရေးအရ လူတစ်ဦး၊ လူတစ်စု၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် ကျင့်စဉ်တစ်ခု ဖြစ်ပါက တားဆီးပိုင်ခွင့်ရှိကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

“လူတစ်ဦး၊ လူတစ်စုကို ထိခိုက်နစ်နာ စေတယ်ဆိုရင် တားဆီးရမယ်၊ ထိန်းသိမ်းရမယ် ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။ ခုနက လိုကိစ္စဆိုရင် ဘာသာရေး ကျင့်စဉ်တစ်ခုလို ဖြစ်တယ်။ ဒါပေမဲ့ အမျိုးသမီးငယ်တွေ၊ ဒါမှမဟုတ်ရင် လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်မယ်ဆိုရင် တားဆီးသင့်ရင် တားဆီးရမှာပဲ” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် အသက်ငယ်စဉ်တွင် လက်ထပ်ပေးသည့် အစဉ်အလာတစ်ခု ရှိခဲ့ကြောင်း၊ ဘာသာရေးကျင့်စဉ် တစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ဥပဒေများထုတ်ပြန်ကာ တားဆီးလျက်ရှိကြောင်း၊ လက်ရှိမွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ လူ့အခွင့်အရေး ရှုထောင့်အရ ကြည့်ရှုမည် ဆိုပါက လက်ခံနိုင်ဖွယ်မရှိကြောင်း ဦးအောင်မျိုးမင်းက ပြောကြားသည်။

“အရင်က လင်ယောက်ျား သေပြီဆိုရင် မိန်းမက မီးပုံထဲ ခုန်ချခဲ့ရတာတွေရှိတယ်။ ဘာသာရေး အယူကြောင့်လို့ပဲဆိုဆို အခုဆို ဥပဒေတွေနဲ့ တားဆီးနေပြီ။ အခု မွန်ပြည်နယ်ကိစ္စဆိုရင် လက်ခံနိုင်ဖွယ်ရာ မရှိဘူး။ ဖြစ်စဉ်ထဲမှာ ကျူးလွန်ခံရတဲ့သူတွေက ကလေးငယ်တွေများတယ်။ သူတို့ကို ကာကွယ်ပေးရမယ့်အစား သူတို့က ကျူးလွန်ခံတယ်ဆိုတော့ ဆိုဖွယ်ရာ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ ကလေးငယ်များ ကျူးလွန်ခံရသည့် ဖြစ်စဉ်များမှာ ကျေးလက်ဒေသများတွင် အများစု ဖြစ်ပွားလျက်ရှိပြီး တစ်ခုခုဖြစ်ပြီ ဆိုပါက နတ်၊ စုန်း စသည်တို့ကို အယုံလွယ်ကြောင်း၊ ထိုမှတစ်ဆင့် အကြောက်လွန်၍ ယုံကြည်မှု လွန်ကဲခဲ့ခြင်းဖြစ်ကြောင်း၊ ဆင်ခြင်တုံတရားဖြင့်သာ ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“လူတွေက ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်။ အခုလိုခေတ်ကြီးထဲမှာ ဘယ်ဟာတွေကတော့ မှန်ကန်တယ်။ ဘယ်ဟာတွေကတော့ မဖြစ်သင့်တဲ့ဟာတွေဆိုတာ မှန်ကန်သော နည်းလမ်းနဲ့ သွန်သင်ဆုံးမမှု လိုအပ်တယ်။ ဒါမျိုးတွေဖြစ်လာရင် တိကျမှန်ကန်သော တရားဥပဒေအတိုင်း မျက်နှာမလိုက်ဘဲ အရေးယူ ဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောကြားသည်။

လက်ရှိဖြစ်စဉ်များမှာ နှစ်ကာလကြာမြင့်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် မည်မျှအထိ နစ်နာဆုံးရှုံးမှုများ ရှိနေသည်ကို မည်သူမျှ အတိအကျ မသိနိုင်ကြောင်း၊ အစိုးရအနေဖြင့် တိကျမှန်ကန်စွာ လုပ်ဆောင်ပေးရန် တိုက်တွန်းလိုကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။

“ဘယ်သူတွေ ဘယ်လောက်နစ်နာခဲ့လဲ ဆိုတာက ဘယ်သူမှ အတိအကျ မသိနိုင်ဘူး။ ဒါဖြစ်နေတာက သတင်းတွေအရဆို ကြာနေပြီလေ။ အစိုးရအနေနဲ့ တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး ဆိုတာကို ဒီလိုဖြစ်စဉ်မှာ ပြသနိုင်ရမယ်။ ဘယ်လိုပုံစံတွေပဲ ရှိနေပါစေ ဘယ်လိုနောက်ခံတွေပဲ ရှိနေပါစေ။ နစ်နာမှုတွေကို အမြန်ဆုံး ဖော်ထုတ်ပေးရမယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သမိုင်းပညာရှင် အချို့၏ ရေးသားချက်များအရ ပုဂံခေတ်တွင် အရည်းကြီးများက မိန်းကလေးငယ်များအား ပန်းဦးလွှတ်သည်ဆိုသည့် ဖြစ်စဉ်များရှိခဲ့ပြီး လက်ရှိ နည်းပညာ ခေတ်တွင်လည်း အလားတူဖြစ်စဉ်မှာ မွန်ပြည်နယ်၌ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့အတူ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပညာပေးလှုပ်ရှားမှုများ မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေချိန်တွင် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံရမှု များလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖြစ်စဉ်များမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မည် ဟူသော ကြွေးကြော်မှုဖြင့် အနိုင်ရရှိခဲ့သည့် လက်ရှိအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ သို့သော် ခွန်တန် (ခ) ဇာတ်လိုက်ဆိုသူမှာ လွတ်မြောက်နေဆဲပင်…။

 

October 22, 2017














Copy Protected by Chetan's WP-Copyprotect.