ဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး

ဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး
Published 23 October 2017

ပခုက္ကူဆိပ်ကမ်းသို့ ဆန်သင်္ဘောဝင်ရောက်စဉ် သယ်ဆောင်နေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု အလားအလာ ကောင်းနေပြီး ယခုနှစ်တွင် ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ပြည်ပဈေးကွက်ကို အဓိကတင်ပို့နေတာက ၂၅ မှတ် ဆန်အမျိုးအစားဖြစ်ပြီး ဆန် ချောအများစုကို ပြည်တွင်း၌သာ စားသုံးကြသည်။ လတ်တလောတွင် ပြည်တွင်းဆန်ချော ဈေးနှုန်းများ ပျမ်းမျှအားဖြင့် ကျပ် ၅၀၀၀ ဝန်းကျင်အထိ မြင့်တက်လာသည်။

ယခုနှစ်အတွင်း ပြည်ပသို့ဆန်တင်ပို့မှု အားကောင်းလာပြီး ပြည်တွင်းဈေးကွက်အတွင်းရှိ ပြည်ပပို့ ဆန်ကြမ်းဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ဧည့်မထဆန် (၂၅ ရာခိုင်နှုန်း) တစ်အိတ်လျှင် ကျပ် ၁၈၀၀၀ ဝန်းကျင်ရှိနေရာမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ကျပ် ၂၂၀၀၀ ဝန်းကျင်အထိ ရှိလာပြီး ငါးလခန့်အတွင်း ကျပ် ၄၀၀၀ ခန့်မြင့်တက်ခဲ့သည်။

ပြည်တွင်း ဆန်လက်ကျန်နည်းလာချိန်တွင် ဆန်သိုလှောင်ထားသူများမှ ငွေတိုးနှင့် အမြတ်အစွန်းတွက်ချက်ကာ ဈေးတင် ရောင်းချနေသဖြင့် ပြည်တွင်းစားသုံးနေသည့် ဆန်ဈေးမြင့်တက်လျက်ရှိကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အဓိက,က ဒီအချိန်မှ ဒီလိုပဲဈေးတိုးရောင်းနေကြပေါ့နော်။ ဆန်အသစ်ပေါ်ခါနီးမှာ ဆန်အဟောင်းလက်ကျန်ဆန်က တော်တော်များများက ကုန်သွားပြီ။ တစ်နှစ်လုံး စားဖို့သိမ်းထားခဲ့သမျှ နောက်ဆုံး ဆန်အသစ် ပေါ်ခါနီးတဲ့အခါ စက်ပိုင်တွေအားလုံးက လက်ကျန်တွေ နည်းသွားပြီလေ။ လက်ကျန်နည်းသွားတော့ ကျန်တဲ့သူက သိမ်းထားတဲ့ အချိန်ကာလ ငွေတိုးနဲ့အမြတ်အစွန်းတွက်ပြီးတော့ တိုးရောင်းတာပေါ့။ စားသုံးတဲ့သူက ဒီအဟောင်းပဲ စားလို့ရတယ်။ အသစ်ကို မစားနိုင်ကြသေးဘူး”ဟု ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးသန်းဦးက “ဈေးက ပြည်တွင်း စားသုံးဆန်က ပေါ်ဆန်းမွှေးရော ဇီရာရော ဈေးတက်တယ်။ ၂၅ မှတ်ဆန် export ဆန်ကတော့ ဈေးကျတယ်။ အခု ၂၅ မှတ်ဆန်က အမြင့်ဆုံး ၁၀၈ ပေါင် တစ်အိတ်ကို ကျပ် ၂၂၀၀၀ ဈေးဖြစ်သွားတယ်။ လက်ရှိပေါက်ဈေးက ၂၀၅၀၀ ကနေ ၂၁၀၀၀ ဖြစ်သွားတာ။ ဆန်ချောက ပြီးခဲ့တဲ့လက ကျပ် ၅၀၀၀၀ လောက်ကနေ အခု ကျပ် ၅၅၀၀၀ လောက် ဖြစ်သွားပြီ။ ရွှေဘိုပေါ်ဆန်းမွှေးပေါ့နော်၊ ဇီ ရာရှယ်ကတော့ ၂၇၀၀၀ လောက်ကနေ ၃၀၀၀၀ ဖြစ်သွားတာ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် ရက် ၂၀ ခန့်က အထူးသဖြင့် ဆန်ကြမ်းဖြစ်သည့် မြောင်းမြဇီရာရှယ် တစ်အိတ်လျှင် ကျပ် ၂၂၅၀၀၊ ၂၃၀၀၀ ခန့်ရှိခဲ့ရာမှ ကျပ်၂၄၀၀၀ ဈေးရှိလာကာ ဈေးတန်းနေကြောင်း၊ ယခုရက်ပိုင်းတွင် ကျပ်၂၅၀၀၀ ခန့် အထိ ပြန်တက်လာကြောင်း သိရသည်။

ဆန်ချောဈေးအနေဖြင့် ပေါ်ကျွဲရှယ်၊ ပေါ်ဆန်းမွှေး(ရှယ်)၊ ပေါ်ဆန်းလတ် စသည်တို့မှာ ယခင် ၂၇၅၀၀၊ ၂၈၀၀၀ ကျပ်မှ လက်ရှိတွင် ကျပ် ၃၃၀၀၀ အထိဈေးရှိလာကာ တစ်အိတ်လျှင် ပျမ်းမျှအားဖြင့် ကျပ် ၅၀၀၀ ဝန်းကျင်ခန့် ဈေးတက်လာကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ယခင်ရက်ပိုင်းက ၄၇၅၀၀၊ ၄၈၅၀၀ ကျပ်ဝန်းကျင်မှ ယခုရက်ပိုင်းအတွင်း ကျပ် ၅၁၀၀၀၊ ၅၁၅၀၀ ခန့်အထိ ဈေးတက်လာကြောင်း၊ မြောင်းမြပေါ်ဆန်းတစ်အိတ်လျှင် ယခင်က ကျပ် ၃၉၅၀၀ ဝန်းကျင်မှ ယခုရက်ပိုင်းအတွင်း ကျပ် ၄၃၀၀၀၊ ၄၄၀၀၀ အထိ ဈေးမြင့်လာကြောင်း ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

“ဆန်ဈေးကတော့ ဒီလထဲမှာ နှစ်ခါလောက်တောင် တက်သွားတယ်။ အရင်ဈေးနဲ့ဆိုရင် ဈေးအနည်းဆုံးကျပ် ၅၀၀၀ လောက် ဈေးတက်သွားတာ။ ဒါကျွန်တော်တို့ ဆိုင်ကြီးမို့လို့ ဒီဈေးနဲ့ရတာ။ ဆိုင်ငယ်တွေဆိုရင် ရွှေဘိုတစ်ပြည်ကို ၂၆၀၀၊ ၂၇၀၀ ဝန်းကျင် လောက်ရောင်းမှာ ဒါမှလည်း တွက်ခြေကိုက်မှာလေ။ ဒီလတွေကတော့ ဆန်ဈေးတက်တဲ့ လတွေပါပဲ။ ဒါပေမဲ့ ဒီနှစ်က အရင်နှစ်တွေကထက် အများကြီးပိုတက်သွားတယ်။ ဒီကြားထဲ ဆန်ဈေးတက်နေတဲ့ လလည်း ဖြစ်တယ်။ ပွဲစားတွေကလည်း ဈေးကစား၊ လှောင်လက်တွေကလည်း ဈေးကောင်းရမှ ရောင်းတော့ ကျွန်တော်တို့လို ဆန်ဆိုင်အသေးလေးနဲ့ စားသုံးသူတွေအတွက် တွက်ခြေ မကိုက်ဘူးပေါ့။ ကျွန်တော်တို့လည်း ဆန်တစ်အိတ်ကို အမြတ် ၂၀၀၀ လောက်ပဲတင် စားတာပါ။ မူရင်းဈေးကိုက ဈေးကြီးနေတော့ ဘာမှ မတတ်နိုင်ဘူးပေါ့လေ။ အခုလို ဆန်ဈေးတွေ တက်တာ ကျွန်တော်တို့လည်း အဆင် သိပ်မပြေဘူးဗျာ”ဟု ဧရာဆန်လက် လီ၊ လက်ကားအရောင်းဆိုင်မှ ဦးစောအောင်က ပြောကြားသည်။

ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း နေထိုင်သူ ဒေါ်စိုးစိုးအောင်ကလည်း “မိုးတွေကြီးလို့ ဆန်ဈေးတွေတက်မယ်၊ ဆန်တွေ ဈေးတက်မယ်လို့တော့ သတင်းတွေ၊ အသံတွေတော့ ကြားပါတယ်။ အဲဒီလောက်ကြီး ဈေးတက်မယ်လို့မထင်ထားတော့ အပို လည်းမဝယ်လိုက်မိဘူး။ အခုဈေးက အရင်ကိုယ်စားနေကျ ၄၀၀၀၀ ကျော်တန်ဆန်က ၅၀၀၀၀ နီးပါးလောက်ဖြစ်သွားတော့ လန့်တောင်လန့်သွားတယ်။ ဒီအတိုင်းဆိုရင်တော့ မလွယ်ပါဘူး။ ဆန်လည်းဈေးတက်၊ သားငါးလည်းဈေးတက်နဲ့ ထမင်းအစား ဆန်ပြုတ်ပြောင်းစားရတော့မယ့်အဖြစ် ရောက်နေပြီး။ အိမ်အသုံးစရိတ်တွေက မြင့်ပြီးတော့ ကိုယ်ရှာတဲ့ငွေက တက်တိုးလာ တယ်လို့ မရှိဘူး။ ဝင်ငွေနဲ့ထွက်ငွေနဲ့ မမျှတတော့ဘူး။ ကုန်ဈေးနှုန်းတွေ ဒီလိုသာ ဈေးတက်နေမယ်ဆိုရင်တော့ သာမန်လူတန်းစားတွေအတွက်က ဘယ်လောက်ပဲအလုပ်လုပ် ငွေရှာရှာ ဘယ်တော့မှ သူဌေးဖြစ်လာမှာ မဟုတ်ဘူး”ဟု ပြောကြားသည်။

နိုင်ငံခြားဝင်ငွေ ပိုမိုရရှိရေးအတွက် ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့ရန် ရည်မှန်းထားသော်လည်း ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ရေးကို ထည့်သွင်းစဉ်းစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းများကို စနစ်တကျရောင်းဝယ် ဖောက်ကားလာစေရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့မှု မြင့်တက်နေသည်ဆိုသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၁၀ သန်း ကျော်တင်ပို့နိုင်သဖြင့် မြန်မာနိုင်ငံ၏ တင်ပို့နိုင်စွမ်းရည်နှင့် အလားအလာအပေါ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရှိရေးအတွက် အရည်အသွေးနှင့် အရေအတွက်ဈေးကွက်များကို ဆန်စပါးအမျိုးအစားအလိုက် ထုတ်လုပ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

အဆိုပါတင်ပို့မှုဈေးကွက်အလိုက် ဆန်စပါး အမျိုးအစားခွဲကာ ဇုန်အလိုက် ရွေးချယ် စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိက စားသောက်ကုန်ဖြစ်သော ဆန်သည် Strategic Goods ဖြစ်သည့်အတွက် အခြား ကုန်စည်များနှင့်မတူဘဲ ဆန်စပါးကို G to G ရောင်းဝယ်မှုများဖြင့် ဆောင်ရွက်လျက်ရှိသည်။
ပြည်ပသို့ဆန်တင်ပို့မှုတွင် အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း ဒေါ်လာ ၉ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ ဆန်ဖြူနှင့် ပေါင်းဆန် ၃၁၇၉၂ တန်တင်ပို့ခဲ့ကြောင်း၊ ယင်းတို့အနက် တရုတ်နိုင်ငံသို့ ငစိန်ဆန်တန် ၁၀၀၊ သီရိလင်္ကာနိုင်ငံသို့ ဧည့်မထဆန် ၁၀၇၅ တန်နှင့် ငစိန်ဆန်တန် ၂၅၀၊ ရုရှားနိုင်ငံသို့ ပေါင်းဆန်တန် ၆၅၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေါင်းဆန်တန်ချိန် ၂၅၀၊ ဧည့်ထမဆန် တန် ၅၁၅၀ နှင့် ဇီရာ ဆန် ၄၂၅ တန်၊ ဗီယက်နမ်နိုင်ငံသို့ ဧည့်မထ ဆန် ၁၂၅ တန်၊ အာဖဂန်နစ္စတန်နိုင်ငံသို့ ဧည့်မထဆန် တန် ၁၀၀၀၊ မက်ဒါဂါစကား နိုင်ငံသို့ ဧည့်မထဆန်၁၀၇၂ တန်၊ အိုင်ဗရီကို့စ်နိုင်ငံသို့ ဧည့်မထဆန်တန် ၂၀၀၀၀၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၆၉၅ တန်နှင့် ဧည့်မထဆန်တန်ချိန် ၁၀၀၀ တင်ပို့ခဲ့ပြီး ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ ၃၅၆၂၇ တန်တင်ပို့ခဲ့သဖြင့် ယခုသီတင်းပတ်မှာ ယခင်ကထက် တန်ချိန် ၃၈၃၅ တန်လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ဒေါ်လာ ၇ ဒသမ ၃၅၄ သန်းတန်ဖိုးရှိ ငစိန်ဆန်၊ ဧည့်မထဆန်နှင့် ကောက်ညှင်း ဆန် ၂၁၁၈၉ တန်ကျော် တင်ပို့ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန်ချိန် ၇၀၊ ဧည့်မထဆန် ၁၈၈၅၃ တန်ကျော်နှင့် ကောက်ညှင်းဆန် ၅၉ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၁၆၉ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၈၈၃ တန်ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၅၅ တန်တင်ပို့ခဲ့ကြောင်း၊ ယခင်တစ်ပတ်က ၂၃၈၄၅ တန်ကျော် တင်ပို့ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခု တစ်ပတ်မှာ၂၆၅၆ တန်တင်ပို့မှု လျော့ကျခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့ရန်အတွက် ဈေးကွက်သစ်များရရှိလာခြင်း နှင့်အတူ တင်ပို့မှုလည်း တိုးတက်လာခဲ့သည်။ သို့သော် Export ဆန်ဈေးကွက်တွင်လည်း လှုပ်ခတ်မှုများစွာဖြစ်ပေါ်ခဲ့သည်။

ဆန်လုပ်ငန်းရှင်များက ပြည်ပသို့ ဆန်တန်ချိန် တစ်သိန်းခွဲခန့် ကြိုတင်ရောင်းချထားပြီဖြစ်သည့်အတွက် မကြာမီပေါ်လာတော့မည့် မိုးစပါးအသစ်မှ မဖြစ်မနေတင်ပို့ ပေးရမည်ဖြစ်ရာ ယင်းပမာဏကို ပြည့်မီအောင် တင်ပို့ပေးနိုင်ရန်အတွက် အခက်အ ခဲဖြစ်နေကြောင်း အောက်တိုဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်တွင် ကျင်းပခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဆန်စပါးလုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲမှ သိရသည်။
“လက်ရှိ တင်ပို့ဖို့ရှိတဲ့ပမာဏက သူတို့ ပြောသွားတာကတော့ ဆန်အိတ်ပေါင်း သိန်း ၃၀ လို့ပြောတယ်။ တစ်နေ့ကို ၂၅၀၀၀ ဝင်တဲ့အားနဲ့ဆို ရက်ပေါင်းတစ်ရာဝင်မှ ပြည့်ပမယ်လို့ ဆိုပါတယ်။ အိတ်သိန်း ၃၀ လောက်ရှိတဲ့ ပမာဏကို ရောင်းထားပြီးသား ဖြစ်တယ်။ ဒီဆန်သစ်ရာသီမှာ တင်ပေးရမယ်ပေါ့နော် ဒီတင်ပေးရမယ့် ရောင်းထားတဲ့ Volume အရမ်းကြီးနေတယ်။ သင်္ဘောတွေက နောက်ဆုတ်လို့ မရတော့တဲ့အနေအထား မဖြစ်မနေ တင်ပေးရမယ့်အနေအထားပေါ့။ လက်ရှိ မြန်မာဆိပ်ကမ်းမှာ ဆန်တင်ဖို့ စောင့်နေတဲ့ သင်္ဘောကိုက ခြောက်စင်းလောက်ရှိတယ်”ဟု ဘုရင့်နောင်ဆန် စပါး ကုန်စည်ဒိုင်၊ အတွင်းရေးမှူး ဦးသန်းဦးက အဆိုပါဆွေးနွေးပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင်များအနေဖြင့် ယခုအောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်ပေါ်လာမည့် စပါးအသစ်ကို မျှော်ကိုးကာ ကြိုတင်ရောင်းချထားခြင်းဖြစ်သည်။ ယခုနှစ်တွင် ရာသီဥတု မကောင်းသည့်အတွက် စပါး ထွက်ရှိသည့်အချိန်နောက်ဆုတ်သွားခြင်းကြောင့် ဈေးကွက်အတွင်းသို့ အချိန်မီ ဝင်ရောက်လာခြင်း မရှိသေးသည့်အပြင် ပြည်တွင်းလက်ကျန်ဆန်များမှာလည်း ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ယခုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ပုံမှန်က ဒီမုန်တိုင်းသာ မဝင်ခဲ့ဘူးဆိုရင် ကုန်စည်ဒိုင်ကို ဆန်အိတ်က ၅၀၀၀၀ နဲ့ တစ်သိန်းလောက်ဝင်တယ်။ မြန်မာတစ်နိုင်ငံလုံး အရှေ့အနောက် ပဲခူးတိုင်း ဧရာဝတီတိုင်း ပေါ်ပြီဟေ့ဆို ဆန်ကအများကြီး ထိန်းလို့ကို မနိုင်အောင်လာတယ်။ လက်ရှိရာသီက မုန်တိုင်းကြောင့် နောက်ဆုတ်သွားတယ်။ စပါးအသစ်ကို မလုပ်နိုင်ကြဘူး။ ဆန်ဝင်တဲ့ အားက အရမ်းနည်းနေပြီးတော့ သင်္ဘောတင်ရမယ့်သူကလည်း ဒီဝင်လာတဲ့၂၅၀၀၀ ၃၀၀၀၀ ကို လုဝယ်နေတဲ့အခါကျတော့ သူပေးပါ ငါ့ပေးပါဖြစ်နေတော့ ဆန်ဈေးက တက်သွားတယ်။ အခုရောင်းထားတဲ့ပမာဏက ဆန်ထွက်လာမယ့်ရာသီမှာ နောက်ထက် ရောင်းစရာမလိုဘဲနဲ့ တင်ပေးရင်တောင် အများကြီးတင်ပေးရမှာ နောက်ထက် သင်္ဘောကလည်း အဆင်သင့် ကပ် ထားတဲ့ပေါ်မှာလဲ စရိတ်တွေက အများကြီး တက်နေတယ်။ အဲဒီရောင်းထားတဲ့ သင်္ဘောကို တင်ပေးရမယ့် တာဝန်ရှိတဲ့ ကုမ္ပဏီအနေနဲ့က အရမ်းကိုအရှုံးနဲ့ ရင်ဆိုင်နေရတယ်။ နာမည်တော့ ထုတ်ဖော်မပြောသွားဘူး။ ဒီလိုဖြစ်တဲ့အတွက် နာမည်ပျက်မယ်ပေါ့နော်။နောက်မြန်မာနိုင်ငံမှာဝယ်ရင် သင်္ဘောတင်တဲ့ အခက်အခဲတွေ အရည်သွေးမပြည့်မီတဲ့ အခက်အခဲတွေ ဆန်ကိုတင်မပေးနိုင်တဲ့ အခက်အခဲတွေ ဒါကကမ္ဘာကို ပြန့်သွားနိုင်တယ်”ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း အတွင်းရေးမှူး ဦးသန်းဦးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်သို့ နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပင်လယ်ရေကြောင်းနှစ်ခုလုံးမှတစ်ဆင့် ဆန်တင်ပို့နေ ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းကနေ ၂၅ မတ် ဆန်အမျိုးအစားကို အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါသည်။ ပင်လယ်ရေ ကြောင်းက အဓိကတင်ပို့နေသည့် ၂၅ မတ် ဆန်ဈေးနှုန်းက တစ်အိတ်ကို ၂၀၀၀၀ ကျပ်ရှိခဲ့ရာ ယခုတစ်ပတ်မှာ အတွင်း ၂၁၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

Most Read

Most Recent