ကရင်ပြည်နယ် မဲသဝေါဒေသ၌ တစ်ကျော့ပြန်ဖြစ်ပွားသည့် တိုက်ပွဲများတွင် နှစ်ဖက်အကျအဆုံးများရှိလာပြီး ဒေသခံများ နေရပ်ပြန်ရန်မျှော်လင့်ချက် မှေးမှိန်လာ

ကရင်ပြည်နယ် မဲသဝေါဒေသ၌ တစ်ကျော့ပြန်ဖြစ်ပွားသည့် တိုက်ပွဲများတွင် နှစ်ဖက်အကျအဆုံးများရှိလာပြီး ဒေသခံများ နေရပ်ပြန်ရန်မျှော်လင့်ချက် မှေးမှိန်လာ
Published 23 October 2017

ကရင်ပြည်နယ် ဖာပွန်ခရိုင် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ-မဲသဝေါလမ်း ကျုံထော်ရေတံခွန်အထက်ဘက်၌ တပ်မတော်၊BGF တပ်ဖွဲ့နှင့် DKBA (ခွဲထွက်) အဖွဲ့တို့  တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ထိတွေ့ပစ်ခတ်မှုနှင့် မိုင်းထောင်ဖောက်ခွဲမှုများကြောင့် နှစ်ဘက်အထိ အခိုက်အကျအဆုံးရှိလာကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ သိရသည်။

“ဒီရက်ပိုင်း လွန်ခဲ့တဲ့ လေး၊ ငါးရက်က စပြီး ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်နေတယ်။ ဒဏ်ရာရသူ၊ မိုင်းထိသူတွေလည်း ရှိနေတယ်။ တိုက်ပွဲကြီးကြီး မားမားဖြစ်တာတော့ မရှိဘူး။ ချောင်းပစ်တာ၊ မိုင်းဆွဲတာတွေ ဆက်တိုက်လုပ်လာတယ်” ဟု နယ်ခြားစောင့်တပ်၊ တပ်နယ် (၃)မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက် နံနက် ၃ နာရီ ခန့်က မိုင်းနင်းမိသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ရှိခဲ့ ကြောင်း ၎င်းက ပြောကြားသည်။

လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသတွင် ယခင်နှစ် စက်တင်ဘာလက တပ်မတော်၊ BGF တို့ ပူးပေါင်းအဖွဲ့နှင့် DKBA (ခွဲထွက်) အဖွဲ့တို့ ကိုးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ၅၀၀၀ ကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပြီး ယခုတစ်ဖန် ထိတွေ့မှုများ ထပ်မံဖြစ်ပွားလာခြင်းကြောင့် မဲသဝေါကားလမ်းလည်း ပိတ်ထားရသည်ဟု သိရသည်။

“မဲသဝေါ သွားလမ်းရော၊ ရေတံခွန်ကို သွားရောက်လည်ပတ်မှုကိုပါ ပိတ်ထားရပါတယ်။ အောက်တိုဘာ ၁၆ ရက်လောက်ကတည်းက မိုင်းထောင်တာ၊ ခြုံခိုတိုက်တာတွေ လုပ်လာတယ်။ ရင်ဆိုင်တိုက်ပွဲရယ်လို့တော့ မဖြစ်ပါဘူး။ အဓိကတော့ ကိုယ်တို့လမ်းကင်းတွေပေါ့။ လမ်းကင်းယူထားတဲ့အဖွဲ့တွေကို သူတို့ မိုင်းလာဆွဲ တာတွေ၊ ချောင်းပစ်တာတွေ အဲဒီလိုမျိုးတွေဖြစ်တယ်။ ဒဏ်ရာရမှတွေက သူ့ဘက် ကိုယ့်ဘက်ရှိတယ်။ တပ်ကလည်းရှိတယ်။ စိုးရိမ်စရာ အနေအထားမျိုးတော့ မရှိပါဘူး” ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ် (၃) မှ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောကြားသည်။

ပြီးခဲ့သော စက်တင်ဘာနောက်ဆုံး ပတ်ကလည်း  BGF တပ်ဖွဲ ဝင်များတပ်စခန်းချရာသို့ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့်  နယ်ခြားစောင့် တပ်ဖွဲ့ဝင်လေးဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြိုင်ကြီးငူ- မဲသဝေါသွား ကားလမ်းနှင့် မဲသဝေါဒေသတွင် ကျုံထော်ရေတံခွန် အထက်ဘက်၌ တစ်ကျော့ပြန် ဖြစ်ပွားလာသည့် ထိတွေ့ပစ်ခတ်မှုများကြောင့် ကျုံထော်ရေတံခွန်သို့ ခရီးသွားများသွားရောက် လည်ပတ်ခွင့်ကို ယာယီပိတ်ထားရကာ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရသည့်  ဒေသခံ ၅၀၀၀ ကျော်တို့မှာလည်း နေရပ်သို့ ပြန်ရန်မျှော်လင့်ချက် မှေးမှိန်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent