ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကို အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အာဏာရှင်ဆန်ဆန် ဝင်ရောက်စွက်ဖက်နေသည်ဟုဆိုကာ ရွာသာယာကျေးရွာဒေသခံ ၁၅၀ ခန့် ဆန္ဒထုတ်ဖော်

ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကို အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အာဏာရှင်ဆန်ဆန် ဝင်ရောက်စွက်ဖက်နေသည်ဟုဆိုကာ ရွာသာယာကျေးရွာဒေသခံ ၁၅၀ ခန့် ဆန္ဒထုတ်ဖော်
Published 23 October 2017

အင်းတော်မြို့တွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အား ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးစံ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ရွာသာယာကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကို အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ အာဏာရှင်ဆန်ဆန် ဝင်ရောက်စွက်ဖက်နေမှုအား အလိုမရှိကြောင်း ဒေသခံ ၁၅၀ ခန့်က အောက်တိုဘာ ၂၂ ရက်တွင် အင်းတော်မြို့အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်ပြုလုပ်သူ ရွာသာယာကျေးရွာမှ ဦးရစ်ကျော်က “ဒီနေ့ ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်က မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ထွေအုပ်ရုံးကိုခေါ်ပြီး ဌာနပေါင်းစုံရှေ့မှာ ကျွန်တော်တို့ကို ပြောတယ်။ အထက်ကို တင်ထားတာက တစ်ရွာလုံး မီးလင်းနေပြီလို့ပဲ သိတယ်။ ဘာကြောင့် တစ်ရွာလုံး မီးမလင်းသေးတာလဲ။ လင်းကို လင်းပေးရမယ်တဲ့။ ကျွန်တော်တို့က ပိုက်ဆံကျေမှပဲ လင်းပေးနိုင်မယ်။ ပိုက်ဆံမကျေတဲ့လူကို မလင်းပေးနိုင်ဘူး။ ကျွန်တော်တို့က ပထမငါးသိန်း၊ ငါးသိန်းကနေ လေးသိန်းခွဲ၊ နောက်ဆုံး လေးသိန်း။ လေးသိန်းဆိုတဲ့နေရာမှာ အခုတိုင်တဲ့ ဦးတင်အုန်းတို့ကတောင်းဆိုလို့ လေးသိန်းနဲ့လုပ်ပေးထားတယ်။ လေးသိန်းမှာမှ သုံးသိန်းကိုတစ်ဖြတ်၊ နောက်တစ်သိန်းကို ခြောက်လမှပေးဆိုပြီး ကျွန်တော်တို့ လုပ်ထားတယ်။ အဲဒါကိုမှ သူတို့က အကုန်လုံး အလကားရချင်တဲ့ပုံစံမျိုးလို ပြောလာတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြုံးက မီးကော်မတီအသစ်လဲရမယ်။ မီးကော်မတီ အသစ်လဲတဲ့နေရာမှာ ငွေမထည့်ဝင်သေးတဲ့ လူတွေလည်း ကော်မတီထဲမှာပါရမယ်တဲ့။ ပြောရမယ်ဆို အကုန်လုံးကိုအလျော့ပေါ့နိုင် ဆုံးကော်မတီကို ရွေးချယ်ရမယ်တဲ့။ အလကားမပေးနိုင်တဲ့ ကော်မတီဆို မစဉ်းစားပါနဲ့တဲ့။ အဲဒီလိုကတော့ မဖြစ်ဘူး။ မီးကော်မတီ အသစ်လဲတဲ့နေရာမှာ ငွေကြေးမထည့်ဝင်တဲ့ လူနဲ့တော့ ကော်မတီမဖွဲ့နိုင်ဘူး။ သူက ရှင်တို့ အဲဒီလိုတော့မဖြစ်ဘူး။ မီးကော်မတီအသစ် လဲတဲ့နေရာမှာ ငွေမထည့်သေးတဲ့ လူလည်းပါရမှာပဲ။ ရှင်တို့ထွက်မယ့်ဟာထွက်။ ကျွန်မ မီးကော်မတီအသစ်နဲ့ အလုပ်လုပ်မယ်တဲ့။ ကျွန်တော်တို့ကို အာဏာရှင်ဆန်ဆန်ပြောတာ။ ကျွန်တော်တို့က အဲဒီလိုပြောတာကို မခံနိုင်ဘူး။ မခံနိုင်လို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံးက “ဒါကတော့ ဒီမိုကရေစီအစိုးရလေ။ သူတို့ရဲ့သဘောပေါ့။ လူထုအသံကို  ကျွန်မတို့က နားထောင်ရမှာပေါ့။ နားထောင်ပြီး ဘာတွေလိုမလဲဆိုတာကို ညှိနှိုင်းပြီးလုပ်ရမှာ ကျွန်မတို့အလုပ်ပါ။ ကျွန်မက သူတို့ကို စိတ်လည်းမဆိုးဘူး။ ပြရမှာ သူတို့တာဝန်ပဲ။ လူတိုင်းအားလုံးတော့ သူတို့သဘောအတိုင်းတော့ မဖြစ်ဘူးပေါ့။ အဓိက ဒီလို သူတို့မီးကော်မတီတွေ ရှိတယ်။သူတို့ဆို ငါးနှစ်ရှိပြီ။ တစ်တိုင်းလုံးလိုလိုပေါ့။ မီးကော်မတီတွေရဲ့ဘဏ္ဍာရေးကို ပွင့်လင်းမြင်သာအောင်ချမပြဘူး။ ရွာသာယာကျေးရွာဆိုရင် အစိုးရမှာတော့ မီးလင်းပြီပေါ့။ သို့သော် ရွာရဲ့တစ်ဝက်လောက်က အမှောင်ထဲမှာပဲ ရှိသေးတယ်။ ဒီဟာတွေလည်း နောက်ပိုင်း ကိုယ်ထူကိုယ်ထနဲ့ပဲ လင်းရမှာလေ။ တိုင်းဒေသကြီးအစိုးရက မီးကော်မတီများ ပြောင်းလဲရမယ်လို့ အမိန့်ကြေညာစာထုတ်ထားတာ တစ်နှစ်လောက်ရှိပြီ။ အသစ်ကို စနစ်တကျ ဘဏ္ဍာငွေလွှဲပြောင်း၊ လွှဲပြောင်းပြီးရင် တက်လာတဲ့ ကော်မတီအသစ်ကို ကျွန်မတို့ ဘဏ္ဍာငွေ ထိန်းသိမ်းနည်းသင်တန်းပေးမယ်။ သူတို့က သုံးနှစ်သက်တမ်းပဲ။ သုံးနှစ်ပြည့်ရင် နောက်တစ်ဖွဲ့ကိုပြောင်း။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ္ဍာငွေထိန်းသိမ်းတာကိုလည်း တက်လာတဲ့ ရွာသူရွာသားတွေ လုပ်တတ်ကိုင်တတ် အောင်ပါ ။ ရွာသာယာရွာက အကြေးရှိတယ်။ မလွဲချင်ဘူးပေါ့။ အဲဒီလိုပြောတာ။ ကျွန်မက အကြွေးရှိလည်း မလွဲှချင်လို့မရဘူး။ အကြွေးအတိုင်းလွဲှ။ အကြွေးလည်းဆပ်နိုင်အောင်၊ နောက်ပြီး အမှောင်ထဲမှာနေတဲ့ လူထုလည်း ရသွားအောင်ကူညီမယ်။ အဲဒီလိုပြောတာကို ကျွန်မက စကားပြောမာတယ်ပေါ့။ ဒါက ကျွန်မအလုပ်လည်း မဟုတ်ဘူး။ ကျွန်မက ကြားကနေဝင်ပြီး ညှိနှိုင်းပေးတာ။ တကယ်က အစိုးရဝန်ထမ်းတွေလုပ်ရမယ့် အလုပ်ပါ” ဟု ပြောကြားသည်။