ကျားထက် ပိုမိုတွေ့ရခဲပြီး မျိုးသုန်းလုနီး မျိုးစိတ်ဖြစ်သော လင်စိုင်ပြောက်ကို ဟုမ္မလင်းမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိ

ကျားထက် ပိုမိုတွေ့ရခဲပြီး မျိုးသုန်းလုနီး မျိုးစိတ်ဖြစ်သော လင်စိုင်ပြောက်ကို ဟုမ္မလင်းမြို့နယ်တွင် ထပ်မံဖမ်းဆီးရမိ
Published 23 October 2017

 

မြန်မာနိုင်ငံတွင် ကျားထက် ပိုမိုတွေ့ရခဲပြီး မျိုးသုဉ်းလုနီးမျိုးစိတ်ဖြစ်သော လင်စိုင်ပြောက်ကို စစ်ကိုင်းတိုင်းဒေသကြီး  ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“နောင်ပိုအောင်ရွာထဲမှာ ဖမ်းမိတာပေါ့။ သစ်ပင်ပေါ်မှာ နေထားတာတွေ့လို့ ကြိုးကွင်းနဲ့ပစ်ပြီး ဖမ်းကြတာ။ ပထမအကြိမ် ဖမ်းမိတဲ့အကောင်ထက် ခန္ဓာကိုယ်ပိုသေးပြီး အကောင်ပိုငယ်ပုံရတယ်။ ကြိုးကွင်းနဲ့ဖမ်းတာ ဆိုတော့ ဒဏ်ရာတွေတော့ မရပါဘူး။ နဂိုကတည်းက နေမကောင်းတာလားတော့ မသိဘူး နည်းနည်းတော့ငိုင်နေတယ်။ ဖမ်းမိပြီး နောက်ပိုင်း အစာကျွေးကြည့်တော့ အသီးအနှံမစားဘူး။ ကြက်သားကျွေးကြည့်တော့ နည်းနည်းပဲ စားတယ်။ ဟုမ္မလင်းမြို့နယ်အနီးတစ် ဝိုက်မှာတော့ ဒီလိုအကောင်မျိုးတွေ မကြာခဏ တွေ့ဖူးတယ်လို့ ဒေသခံတွေက ပြောတယ်”ဟု ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လင်စိုင်ပြောက်များသည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းများတွင် နေထိုင်ကျက်စားလေ့ရှိသော်လည်း ကင်မရာ မှတ်တမ်းများအရမူ ကျားထက်ပိုမိုတွေ့ရခဲပြီး မျိုးသုဉ်းရန်အလွန်နီးကပ်နေသော မျိုးစိတ်ဖြစ်ကြောင်း  သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) ထမံသီရှေ့တန်းစခန်း တာဝန်ခံ ဦးကျော်မိုး၏ပြောကြားချက်အရ သိရသည်။

“ကင်မရာမှတ်တမ်းတွေအရဆိုရင် လင်စိုင်ပြောက်တွေဟာ မြန်မာနိုင်ငံမှာ ကျားထက်ပိုမိုတွေ့ရခဲတဲ့ ရှာပါးမျိုးစိတ်တွေပါ။ အလွန်တွေ့ရခဲတဲ့အတွက် အကောင်ရေ ဘယ်လောက်ရှိမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အခုနောက်ပိုင်းမှာ လင်စိုင်ပြောက်တွေ နေထိုင်တဲ့ သဘာဝတောတွေ ပျက်စီးလာတာရယ်၊ အလွန်အကျွံ အမဲလိုက်တာတွေရယ်ကြောင့် တဖြည်းဖြည်း ရှားပါးလာပြီး မျိုးသုဉ်း ပျောက်ကွယ်တော့မယ့်အခြေအနေကို ရောက်ရှိနေပါပြီ”ဟု ဦးကျော်မိုးက ပြောကြားသည်။

လင်စိုင်ပြောက်များကို တရားမဝင် မှောင်ခိုရောင်းဝယ်ခြင်းများ တွေ့ရှိရမှုနည်းပြီး ၎င်းတို့ ရှားပါးလာရသော အဓိကအကြောင်းရင်းမှာ သားပေါက်မှုနှုန်းနည်းပါးရခြင်းကြောင့်ဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်။

“လင်စိုင်ပြောက်ကိုတော့ ဝက်ဝံတွေ၊ သင်းခွေချပ်တွေလို ဈေးကွက်တစ်ခုအနေနဲ့ ရောင်းဝယ်နေတာတော့ မတွေ့ဖူးသေးဘူး။ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်တဲ့လူကတော့ ဘာဖြစ်ဖြစ် ဝယ်မှာပေါ့လေ။ ရောင်းသူအနေနဲ့ကလည်း ကြိုက်ဈေးရရင် ရောင်းမှာပဲဆိုတော့ ကြိုက်ရောင်းကြိုက်ဝယ် ပုံစံနဲ့ပဲ သွားနေတဲ့သဘောရှိတယ်။ လင်စိုင်ပြောက်တွေ ရှားပါးလာရတဲ့ အဓိကအကြောင်းရင်းကတော့ သူတို့ရဲ့ မျိုးပွားသားပေါက်မှုနှုန်း နည်းတာကြောင့်လို့ပဲ ယူဆရတယ်။ မြန်မာနိုင်ငံမှာ လင်စိုင်ပြောက်နဲ့ပတ်သက်ပြီး သုတေသနမလုပ်ရသေးတော့ ဒါနဲ့ပတ်သက်ပြီး သေချာမပြောနိုင်သေးဘူး” ဟု ဦးကျော်မိုးက ဆက်ပြောသည်။

အဆိုပါ ရှားပါးမျိုးစိတ်ဖြစ်သော လင်စိုင်ပြောက်များကို ဘူတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ မြန်မာ၊ နီပေါ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။

လင်စိုင်ပြောက်များသည် ယခုအခါ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အကောင်ရေ ကျဆင်းနေပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အခြေအနေတွင် အဆင့် (၁) သတ်မှတ်ထားကြောင်း သိရသည်။

လင်စိုင်ပြောက် ဒုတိယအကြိမ် ဖမ်းဆီးရမိသော ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီးရှိ ပင်ခုပ်ကျေးရွာတွင်လည်း လွန်ခဲ့သော မေလက လင်စိုင်ပြောက်တစ်ကောင် ပထမအကြိမ် ဖမ်းဆီး ရမိခဲ့သဖြင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ထမံသီဘေးမဲ့ တောအတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent