တောင်သူများအတွက် သီးနှံအာမခံစနစ်နှင့် သဘာဝဘေးဒဏ်များမှ အာမခံပေးသည့် ဝန်ဆောင်မှုစနစ်များ ဆောင်ရွက်နိုင်ရေး ဆွေးနွေးလျက်ရှိ

တောင်သူများအတွက် သီးနှံအာမခံစနစ်နှင့် သဘာဝဘေးဒဏ်များမှ အာမခံပေးသည့် ဝန်ဆောင်မှုစနစ်များ ဆောင်ရွက်နိုင်ရေး ဆွေးနွေးလျက်ရှိ
Published 23 October 2017

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ ကျေးလက်ဒေသတစ်ခုတွင် စပါးရိတ်သိမ်းနေကြစဉ်

တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ်နှင့် သဘာဝဘေးဒဏ်များမှ အာမခံပေးသည့် ဝန်ဆောင်မှုစနစ်များကို ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

တောင်သူများအတွက် သီးနှံအာမခံစနစ် ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စတင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

“တောင်သူလယ်သမား အသက်အာမခံစနစ် ပြန်လည်ဆောင်ရွက်ဖို့ အာမခံလုပ်ငန်း ကြီးကြပ်ရေးဘုတ်အဖွဲ့က ခွင့်ပြုပေးလိုက်တာဟာ မြန်မာ့လယ်ယာကဏ္ဍနှင့် ကျေးလက်ပြည်သူတွေအတွက် ကောင်းမွန်ပါတယ်။ ဧရာဝတီတိုင်းမှာ တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွေမှာ လယ်သမားကြီးတွေကလည်း ၎င်းတို့ငယ်ရွယ်စဉ်က ရှိခဲ့တဲ့ ဤစနစ်ကို ပြန်လည်ဖော်ဆောင် စေလိုကြပါတယ်။ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုများက တောင်းဆိုကြတဲ့ လိုအပ်ချက်တွေကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)  အနေနဲ့ အမြဲအလေးပေးပြီး အစိုးရဌာနများနဲ့ပေါ်လစီ ချမှတ်သူများကို တင်ပြတောင်းဆိုပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားထားသည်။

“ဒါပေမဲ့ ချက်ချင်းကြီး အာမခံစနစ် ဖွံ့ဖြိုးသွားဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ကျွန်တော်တို့က ရာသီဥတု အခြေခံအာမခံစနစ်နဲ့ စမယ်။ ဒီကနေမှ မိုးခေါင်ရေရှား၊ အဲဒီကနေမှ ရေကြီးနစ်မြုပ်၊ အထွက်နှုန်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားရမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သီးနှံအာမခံစနစ် ဖော်ဆောင်ရေးအတွက် လက်ရှိ မြန်မာနိုင်ငံ၏ အာမခံစနစ်အရ ပြည်တွင်းအာမခံ ကုမ္ပဏီများပင်လျှင် အကန့်အသတ်ဖြင့် လုပ်ကိုင်နေရကြောင်း၊ နိုင်ငံခြား အာမခံကုမ္ပဏီအနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျပန်ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေကြောင်း သိရသည်။

သီးနှံအာမခံစနစ်ကို ဆောင်ရွက်ရန်အတွက် လတ်တလောတွင်  မြန်မာ့အာမခံလုပ်ငန်းကသာ လုပ်ကိုင်နိုင်ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းက လုပ်ကိုင်ရန်အတွက် ဂျပန်အာမခံလုပ်ငန်းဖြစ်သည့် ဆွန်ပိုမှ မိုးရေချိန်ကို အခြေခံသည့် အာမခံလုပ်ငန်းလုပ်ကိုင်ရန် ပြည်မြို့နှင့် ရွှေဘိုမြို့များတွင် စတင်စမ်းသပ် လုပ်ကိုင်ရန် တင်ပြထားကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြည်ထောင်စုနယ် မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သီးနှံ ၁၂ မျိုး စုစုပေါင်းဧက ၄၃၈၈၂၈ ဒသမ ၇၀ ပျက်စီးခဲ့ကြောင်း၊ ယင်းပျက်စီးဧကများ အစားထိုးပြန်လည်စိုက်ပျိုးခြင်း၊ ရာသီချိန်နှင့် လိုက်လျောညီထွေသော သီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ထောက်ပံ့ကြေးငွေ ကျပ် ၄၆၆၄ ဒသမ ၉၃၁၁ သန်းအား သီးနှံအလိုက် ပျက်စီးသည့် တောင်သူများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent