Yangon Water Bus ပြေးဆွဲမှုတွင် အသစ်ရောက်ရှိလာမည့် Catarmaran သင်္ဘောကို နိုဝင်ဘာလကုန် စီးနင်းနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆက်လက်ပြုလုပ်မည်ဟုဆို

Yangon Water Bus ပြေးဆွဲမှုတွင် အသစ်ရောက်ရှိလာမည့် Catarmaran သင်္ဘောကို နိုဝင်ဘာလကုန် စီးနင်းနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများ ဆက်လက်ပြုလုပ်မည်ဟုဆို
Published 23 October 2017

ရန်ကုန်မြစ်အတွင်း ပြေးဆွဲနေသော Water Bus ကို လိုက်ပါစီးနင်းပြီး ပြန်လာသောခရီးသည်များအား တွေ့ရစဉ် ( ဓာတ်ပုံ - ကျော်ဇင်ဖြိုး)

အသစ်ရောက်ရှိမည့် Catarmaran သင်္ဘောသည် နိုဝင်ဘာလကုန်တွင် စီးနိုင်မည်ဖြစ်ကြောင်းနှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု Yangon Water Bus  တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၁ ရက်က ရေးသားဖော်ပြထားသည်။

Yangon Water Bus  ပြေးဆွဲမှုများကို နှစ်မျိုးခွဲခြားထားပြီး လက်ရှိဂိတ်တိုင်း ရပ်ဝန်ဆောင်မှု၊ အထူးတိုက်ရိုက်ဝန်ဆောင်မှုဟူ၍ ရှိကြောင်းသိရသည်။ လက်ရှိဂိတ်တိုင်းရပ် ဝန်ဆောင်မှုကို နံနက် ၆ နာရီခွဲမှ စတင်ကာ ပြေးဆွဲပြီး နောက်ဆုံးခရီးစဉ်ပြေးဆွဲမှုအဖြစ် ည ၁၀ နာရီခွဲအထိ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

အထူးတိုက်ရိုက်ဝန်ဆောင်မှုကို နံနက် ၇ နာရီ မိနစ် ၅၀  အစောဆုံးနှင့် နောက်ဆုံးပြေးခရီးစဉ်ပြေးဆွဲမှုကို ည ၇ နာရီ ၄၅ မိနစ် အထိ သတ်မှတ်ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

Yangon Water Bus  ပြေးဆွဲရာတွင် ပေါ်ပေါက်လာနိုင်သည့် အခက်အခဲများကို တစ်လအတွင်း ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် Yangon Water Bus  အား ပထမအဆင့်အနေဖြင့် ပြေးဆွဲရာတွင် ခရီးစဉ်အစအဆုံး ကျပ် ၃၀၀သာ ကောက်ခံမည် ဖြစ်ပြီး နောက်ပိုင်းထပ်မံတိုးချဲ့လာမည့် ခရီးစဉ်များလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် Yangon Water Bus  ပြေးဆွဲရန် မှတ်တိုင်ခုနစ်မှတ်တိုင်ရှိကြောင်း Jetty များတွင်လည်း မြေပုံကားချပ်များ ပြုလုပ်ထားပြီး ဆိုက်ရောက်မည့်အချိန်အား ကြေညာထားကြောင်း၊ လုံခြုံရေးဝန်ထမ်းများနေတဲ့ အဆောင်နားတွင်လည်း GPSS System TV တစ်လုံးထားရှိထားမည်ဖြစ်ပြီး အဆိုပါ TV မှ သင်္ဘောဆိုက်ရောက်မည့်ပုံကို အမြဲတမ်းကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ဒေါ်တင့်တင့်လွင်က ပြောကြားသည်။

သင်္ဘောတစ်စင်းတွင် ဝန်ထမ်းလေးယောက်ကနေ ရှစ်ယောက်အထိ ထားရှိသွားမည်ဖြစ်ပြီး ရေယာဉ်တစ်စင်းမှာ လူဦးရေ ၁၄၀ ကနေ ၂၃၀ အထိဆံ့ကြောင်း အမြန်ရေယာဉ်နှင့် ရိုးရိုးဆိုပြီး နှစ်ပိုင်းခွဲထားကြောင်း အမြန်ရေယာဉ်သည် ပြည်ပမှမှာယူထားခြင်းဖြစ်ပြီး ရိုးရိုးရေယာဉ်သည် ပြည်တွင်း၌တည် ဆောက်ထားသော သင်္ဘောများဖြစ်ကြောင်း တစ်နေ့လျှင် ခေါက်ရေ ၁၂ ခေါက်ဝန်းကျင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Water Bus  စီးနင်းမည့်သူများ အနေဖြင့် သင်္ဘောဆိပ်ရှိ Ticker Counter များတွင် Anypay Card များ ဝယ်ယူစီးနင်းရမည်ဖြစ်ပြီး သင်္ဘောပေါ်၌ လက်မှတ်ရောင်းချမှု ပြုလုပ်မည်မဟုတ်ကြောင်း Safety အတွက် Life Jacket များကို ထားရှိထားပြီး သင်္ဘောပေါ်တွင် အသက်ကယ်ဖောင်များ ထားရှိထားကြောင်း သိရသည်။

Most Read

Most Recent