မူဆယ်၊ မြဝတီအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းရှစ်ခုမှ ကုန်သွယ်မှုလျော့နည်းခဲ့သဖြင့် အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၅၀ ကျော် လျော့ကျ

မူဆယ်၊ မြဝတီအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းရှစ်ခုမှ ကုန်သွယ်မှုလျော့နည်းခဲ့သဖြင့် အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၅၀ ကျော် လျော့ကျ
Published 23 October 2017

နယ်စပ်ကုန်သွယ်မှုအများဆုံး  ဆောင်ရွက်သည့် မူဆယ်၊ မြဝတီနယ်စပ်စခန်း အပါအဝင် နယ်စပ်ကုန်သွယ်ရေး စခန်းရှစ်ခုမှ ကုန်သွယ်မှုများ လျော့နည်းခဲ့သဖြင့် အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာသန်း ၁၅၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၃ ရက် အထိ နယ်စပ်ကုန်သွယ်ရေး စခန်းအားလုံး၏ စုစုပေါင်းကုန် သွယ်မှုပမာဏမှာ ဒေါ်လာ ၃၈၃၆ ဒသမ ၅၆၁ သန်းရှိပြီး ယခင်ဘဏ္ဍာ နှစ်ကာလတူထက် ဒေါ်လာ ၁၅၁ သန်းကျော်လျော့ နည်းခဲ့ကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု အများဆုံးဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း အပါအဝင် ချင်းရွှေဟော်၊ ကျိုင်းတုံ စခန်းများမှလည်း ကုန်သွယ်မှုလျော့နည်းနေကာ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု အများဆုံးဆောင်ရွက်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းအပါအဝင် တာချီလိတ်၊ မြိတ်၊ နဘုလယ်/ထီးခီးစခန်းများမှလည်း ကုန်သွယ်မှုပမာဏ လျော့ကျနေကြောင်း သိရသည်။ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် တမူးကုန်သွယ်ရေး စခန်းမှာလည်း ကုန်သွယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၁၃ ရက်အထိ မူဆယ်မှကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၂၁ သန်းကျော်၊ ချင်းရွှေဟော်နယ်စပ် စခန်းမှဒေါ်လာ ၄၈ သန်းကျော် လျော့နည်းခဲ့သည်။ ထို့အတူ ကျိုင်းတုံနယ် စပ်စခန်းမှဒေါ်လာနှစ်သန်းကျော်၊ မြဝတီမှ ဒေါ်လာ ၁၄ သန်းကျော်၊ နဘုလယ်/ ထီးခီးစခန်းမှ ဒေါ်လာခြောက်သန်းကျော်၊ မြိတ်မှ ဒေါ်လာငါးသန်းကျော်၊ တာချီလိတ်စခန်းမှ ဒေါ်လာလေးသန်းကျော်နှင့် တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ၂၁ သန်းကျော် အသီးသီး လျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ဖွဲ့စည်းပုံမှာ ပင်မထုတ်ကုန်အနည်း ငယ်အပေါ်၌သာ မှီခိုအားထားနေရပြီး ယင်းထုတ်ကုန်များမှာ သယံဇာတများ၊ သဘာဝဓာတ်ငွေ့နှင့် စိုက်ပျိုးရေး၊ ရေထွက်ကုန်  စသည်များဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ -အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့  နယ်စပ်ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုထားပြီး ဖြစ်သည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့ နှင့်နယ်စပ်ကုန်သွယ်မှု ပြုရန်အတွက် မူဆယ်၊ လွယ်ဂျယ်၊ ကံပိုက်တီး၊ ချင်းရွှေဟော်၊ တမူး၊ ရိဒ်၊ မြဝတီ၊ တာချီလိတ်၊ ကျိုင်းတုံ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ မယ်စဲ့စသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်း ၁၆ ခု ကိုဖွင့်လှစ်ထားကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးတိုးချဲ့ နိုင်ရန်အတွက် ကုန်သွယ်မှုအရ  အချက်အချာကျသည့် ဒေသများတွင် ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် အစီအဉ်များရှိကြောင်း သိရသည်။

Most Read

Most Recent