w NCA စာချုပ်အကောင်အထည်ဖော်မှု နှစ်ဖက်ပူးတွဲ ပြန်လည်သုံးသပ်ရေး အစည်းအဝေးနှင့် UPDJC အစည်းအဝေးများ လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်မည် - Eleven Media Group <

NCA စာချုပ်အကောင်အထည်ဖော်မှု နှစ်ဖက်ပူးတွဲ ပြန်လည်သုံးသပ်ရေး အစည်းအဝေးနှင့် UPDJC အစည်းအဝေးများ လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် PPST အဖွဲ့ အောက်တိုဘာ ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် (Photo – Myanmar State Counsellor Office)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) အကောင်အထည်မှု အပေါ် အစိုးရနှင့် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ ပူးတွဲပြန်လည်သုံးသပ်ရေး အစည်းအဝေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများအား လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဒုတိယ အစည်းအဝေးကျင်းပပြီးနောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား တရားဝင် တွေ့ဆုံ ဆွေးနွေးမှုများ ရပ်တန့်နေသည်မှာ ငါးလခန့်ရှိခဲ့ပြီး ယခုအခါ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပရန်အတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ အောက်တိုဘာ ၁၆ ရက်က နေပြည်တော်၌ တွေ့ဆုံမှုတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် စီမံချက်ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

“အဲဒီမှာရတဲ့ စီမံချက်အတိုင်း ဆိုရင်ဒီလမကုန်ခင်ကတော့ UPDJC ဖြစ်လာမယ်။ လကုန်ရက်မှာပေါ့။ UPDJC ကနေပြီးတော့ မျက်နှာစုံညီထိုင်ပြီးတော့ သုံးသပ်ဆွေးနွေးတဲ့အပေါ်မှာ JICM ရက်ကို ဆက်သတ်မှတ်မှာပေါ့။ ဆက်သတ်မှတ်မယ်ဆိုတော့ JICM မှာကြတော့ တို့ဆီက PPST ခေါင်းဆောင်တွေလာဖို့လိုတော့ ခရီးသွားဖို့ရက်ကို မှန်းပြီးတော့ ပထမပတ် အတွင်းမှာ ဖြစ်နိုင်တာပေါ့။ နိုဝင်ဘာ ပထမပတ်အတွင်း ဖြစ်နိုင်တယ်။ အဲဒီထက် နောက်ကျလို့ကတော့ မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ UPDJC ကနေပြီးတော့ JICM ရက်ကို သတ်မှတ်တဲ့ အချိန်မှာ JICM ထိုင်တဲ့ အချိန်ကျတော့ ၂၁ ရာစု ပင်လုံရက်ကို တစ်ခါထပ်သတ်မှတ်တယ်။ အဲဒီလို သတ်မှတ်သွားစတမ်းဆိုရင် အကယ်၍ ဒီဇင်ဘာလလယ်မှာ လုပ်ချင်တယ်ဆိုရင် အချိန်ကကပ်နေတော့ JICM က ခပ်သွက်သွက်ခေါ်ဖို့လာတဲ့ သဘောရှိတယ်။ တစ်ဆင့်တစ်ဆင့်ရက်တွေ သတ်မှတ်သွားကြတာ အဲဒါပဲ။ ခန့်မှန်းခြေကတော့ JICM အပါအ၀င်က နိုဝင်ဘာ ပထမပတ်မှာ ပြီးပြတ်နိုင်တာပေါ့။ လက်ရှိ အတိုင်းဆိုရင်။ စောစောက ငြိမ်နေတာက၊ သွေးအေးနေတာက အခု တွန်းတွန်းတိုက်တိုက်နဲ့ဆိုတော့ တွေ့ဆုံမှုတွေကို ရှေ့ဆက်တိုးသွားတဲ့ သဘောပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲများ စတင်ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှစ်ဖက်ပူးတွဲ၍ NCA စာချုပ်အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲကို ဦးစွာပြုလုပ်မည်ဖြစ်ပြီး UPDJC အတွင်းရေးမှူး အစည်းအဝေး၊ UPDJC အစည်းအဝေးအား ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“UPDJC လက်အောက်မှာက နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိတာကို။ ရှိတာကျတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့အတွက် မူဘောင်တို့၊ လုပ်ငန်းလမ်းညွှန်တို့၊ SOP တို့ ဒါတွေ လုပ်ရင်းကိုင်ရင်း အဆင်မပြေရင် ဒါတွေပြင်မှာပေါ့။ ပြင်မယ်ဆိုရင် UPDJC အတွင်းရေးမှူးအဖွဲ့က ဘယ်ကဏ္ဍ၊ ဘယ်အပိုင်းပြင်မယ်ဆိုတာ ဆုံးဖြတ်မှာပေါ့။ နောက်တစ်ခုရှိတာလည်း လူပြောင်းလဲတယ်။ UPDJC မှာ လူပြောင်းတာတို့ ဘာတို့။ လူထုတ်၊ လူထည့်တာတို့၊ အသစ်ထည့်တာတို့ အဲဒါတွေ ပြန်ညှိရမယ်။ ဘယ်သူက ဘာဝန်။ ထည့်ပြီးရင်လည်း ဘာတာဝန်ပေါ့။ မထည့်ဘူးဆိုလည်း ဘာတာတာဝန်ပေါ့။ အဲဒါပြန်ညှိရမှာပေါ့။ ဒါလေးတွေတော့ နည်းနည်းပါးပါး အပြောင်းအလဲရှိနိုင်တယ်။ လူအပြောင်းအလဲတွေ ရှိနိုင်တယ်။ မူအပြောင်းအလဲတွေ ရှိနိုင်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအပြီးတွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်ရှစ်ဖွဲ့သည် NCA အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ပြီး နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် ပြင်ဆင်ရေးဆွဲခြင်းအပါအ၀င် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား မဟာဗျူဟာတစ်ရပ် ရေးဆွဲထားသည်။

ထိုသို့ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ အကောင်အထည်ဖော်ရန် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးတွဲဖွဲ့စည်းထားသည့် JICM (NCA အကောင်အထည် ဖော်မှုဆိုင်ရာညှိ နှိုင်းအစည်းအဝေး) ကျင်းပပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ အဆိုပြုမှုရှိခဲ့ပြီး အစိုးရဘက်မှ ချက်ချင်း အကောင်အထည်ဖော် ကျင်းပခဲ့ခြင်းမရှိပေ။

၂၁ ရာစု ပင်လုံအစည်းအဝေးတွင် တင်သွင်းဆွေးနွေးသည့် ကဏ္ဍငါးခုအနက် နိုင်ငံရေးကဏ္ဍအား တာဝန်ယူထားသည့် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့၏ အလုပ်အဖွဲ့သည် ရန်ကုန်မြို့၌ အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်လျက်ရှိသည်။

October 22, 2017














Copy Protected by Chetan's WP-Copyprotect.