ယခင်အစိုးရလက်ထက်က စာရင်းပျောက်ခဲ့သည့် မကွေးတိုင်းရှိ ရေနံလက်ယက်တွင်းများမှ ရရှိခဲ့သည့် ကျပ်သန်း ၇၀၀၀ ကျော်အနက် ပြန်ပေးရမည့် ကျပ်သန်း ၃၀၀၀ ကျော်အတွက် နောက်ဆုံးအရစ်ပေးသွင်း

ယခင်အစိုးရလက်ထက်က စာရင်းပျောက်ခဲ့သည့် မကွေးတိုင်းရှိ ရေနံလက်ယက်တွင်းများမှ ရရှိခဲ့သည့် ကျပ်သန်း ၇၀၀၀ ကျော်အနက် ပြန်ပေးရမည့် ကျပ်သန်း ၃၀၀၀ ကျော်အတွက် နောက်ဆုံးအရစ်ပေးသွင်း
Published 31 July 2017

ယခင်အစိုးရလက်ထက်က စာရင်းပျောက်ခဲ့သည့် မကွေးတိုင်းရှိ ရေနံလက်ယက်တွင်းများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၇၀၀၀ ကျော်အနက် ပြန်လည်ပေးသွင်းရန် ညွှန်ကြားထားသည့် ကျပ်သန်း ၃၀၀၀ ကျော် အတွက် နောက်ဆုံးအရစ်ပေးသွင်းငွေ ကျပ်သိန်း ၅၇၀ ကိုဇူလိုင် ၃၁ ရက်က ပေးသွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံမှ သိရသည်။

ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံမှော်များမှ ရရှိခဲ့ပြီး စာရင်းပျောက်နေသည့် ငွေကျပ် ၂ ဒသမ ၈ ဘီလျံကိစ္စကို ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်ထောင်စုလွှတ်တော်သို့ မေးခွန်းမေးတင်ပြခဲ့ကြောင်း သိရသည်။

ယင်းမေးခွန်းအရ ပြည်ထောင်စုအစိုးရက စုံစမ်းစစ်ဆေးခဲ့ရာ ယခင်အစိုးရလက်ထက်က မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းများမှ ရရှိခဲ့သော ငွေပေါင်း ကျပ်သန်း ၇၀၀၀ ကျော်အထိရှိခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ယင်းငွေများအနက် ငွေကျပ်သန်း ၃၀၀၀ ကျော်ကို မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီနှင့် အသင်းအဖွဲ့ နှစ်ခုအတွက် အသုံးပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံမှ သိရသည်။

ထိုသို့ စစ်ဆေးတွေ့ရှိချက်အရ ယင်းငွေနှင့် ပစ္စည်းများအား လက်ရှိတိုင်းအစိုးရအဖွဲ့သို့ ပြန်လည်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးက ဧပြီ ၈ ရက်က မကွေးတိုင်းအစိုးရအဖွဲ့နှင့် ပြည်ထဲရေးဌာနသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ယင်းအကြောင်းကြားစာကို လက်ရှိမကွေးတိုင်းအစိုးရအဖွဲ့က ယခင်ဝန်ကြီးချုပ် ဟောင်းဦးဘုန်းမော်ရွှေထံ ဧပြီ ၂၆ ရက်က အကြောင်းကြားခဲ့ရာ ၎င်းက ဧပြီ ၂၇ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး အကြောင်းကြားစာပါငွေနှင့် ပစ္စည်းများအား အရစ်ကျပေးသွင်းပါမည်ဟု အကြောင်းပြန်ခဲ့သည်။

ယင်းသို့ အကြောင်းပြန်သည့်အတိုင်း အရစ်ကျပြန်လည် ပေးသွင်းခဲ့ပြီး ဇူလိုင် ၃၁ ရက်က နောက်ဆုံးအရစ်ကျန်ငွေကို ပေးသွင်းခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကျပ်ငွေသန်းပေါင်း ၅၇၀ ထပ်ပေးသွားတယ်။ ပေးတဲ့အတွက်ကြောင့် ပြည်ထောင်စုက ညွှန်ကြားတဲ့အတိုင်းပဲ ကျပ်ငွေသန်းပေါင်း ၃၂၇၀ (သိန်းပေါင်း ၃၂၇၀၀) ကို အကုန်လုံး အကျေပေးသွားပြီ။ ယန္တရားတွေလည်း ပေးသွားပြီ။ ကျန်တဲ့ ကျပ်သန်း ၄၀၀၀ ကတော့ ကျွန်တော်တို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ညွှန်ကြားချက်၊ တာဝန်ပေးချက်အရ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ဒါတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာကို စုံစမ်းစစ်ဆေး မေးမြန်းနေတယ်လို့ ကျွန်တော်သိရတယ်” ဟု မကွေးတိုင်း ဒေါက်တာဦးအောင်မိုးညိုက ပြောကြားသည်။

Writter: အောင်သူငြိမ်း

Most Read

Most Recent