အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးဇလထုတ်ပြန်

အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးဇလထုတ်ပြန်
Published 22 October 2017

မန္တလေးမြို့ လမ်း (၃၀x၇၄) လမ်းတွင် အောက်တိုဘာ ၁၂ ရက်က ရေကြီးရေလျှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်ပိုင်)

အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ထပ်မံဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ တတိယ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

အဆိုပါ ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင် ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင် ကြောင်း သိရသည်။

“၂၅ ရက်နဲ့ ၂၆ ရက်လောက်မှာ လေလှည့်ပတ်လေး တစ်ခုတွေ့နေတယ်။ ၂၇၊ ၂၈ လောက်ကျရင် ပိုအားကောင်းလာနိုင်တယ်။ အဲဒါကြောင့် မိုးကတော့ ဆက်နေဦးမှာ ဖြစ်တယ်။ အောက်တိုဘာ တစ်လလုံး မိုးဆက်သွားမယ့် အနေအထားရှိတယ်။ နိုဝင်ဘာလထဲရောက်မှ မိုးလျော့သွားမယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

ထို့ပြင် အောက်တိုဘာ တတိယ ၁၀ ရက်ပတ်အတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ တတိယ ၁၀ ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့ တွင် နှစ်ပေမှ သုံးပေခန့်နှင့် ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့် မြင့်တက်နိုင်ကြောင်း၊ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် သုံးပေမှ လေးပေခန့်နှင့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီ မြို့နှင့် မုံရွာမြို့တို့တွင် တစ်ပေမှ နှစ်ပေခန့်မြင့်တက်လာနိုင်ကြောင်း သိရသည်။

Most Read

Most Recent