YPS စနစ်အတွက် အပြီးသတ်ရွေးချယ်မှု ဒီဇင်ဘာ ၂၆ ရက်၌ ထုတ်ပြန်မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှု ၂၀၁၈ ခုနှစ် ဇန်နဝါရီ တတိယပတ်တွင် လုပ်ဆောင်မည်

YPS စနစ်အတွက် အပြီးသတ်ရွေးချယ်မှု ဒီဇင်ဘာ ၂၆ ရက်၌ ထုတ်ပြန်မည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှု ၂၀၁၈ ခုနှစ် ဇန်နဝါရီ တတိယပတ်တွင် လုပ်ဆောင်မည်
Published 22 October 2017

Yangon Payment Services စနစ်အတွက် အပြီးသတ်ရွေးချယ်မှုကို ယခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတတိယပတ်တွင် ချုပ်ဆိုမည်ဖြစ်ကြောင်း အချိန်သတ်မှတ်မှု ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

Yangon Payment Services စနစ်အတွက် ဒုတိယအဆင့် RFP နောက်ဆုံးလက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်ကို သတ်မှတ်ထားပြီး ဒုတိယအဆင့် တင်ဒါအောင်မြင်မှုကို နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ကြေညာမည်ဖြစ်သည်။ တတိယအဆင့် လူတွေ့ရှင်းလင်းတင်ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှ အပြီးသတ်ရွေးချယ်ခြင်းနှင့် ကြေညာချက်ထုတ်ပြန်ခြင်းကို ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ်တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်ကိုမူ ၂၀၁၈ ခုနှစ် ဇန်နဝါရီတတိယပတ်တွင် ချုပ်ဆိုသွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

YBS ယာဉ်လိုင်းများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုဖြစ်ပေါ်လာရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် တိုးမြှင့်မည့်ဝန်ဆောင်မှုသုံးရပ် ချမှတ်ထားကာ အဆိုပါဝန်ဆောင်မှုများမှာ ခရီးသည်များ အဆင်းအတက်နှင့် ယာဉ်ပေါ်တွင် စနစ်တကျနေရာချထားပေးရန် (Bus Guide, Bus Marshal)၊ ခရီးသည်များ သတ်မှတ်ယာဉ်စီးခနှုန်းပေးနိုင်ရန် (ငွေပုံးထဲထည့်မှု၊ ငွေပေးချေကတ်အသုံးပြုမှု၊ Cash Based Ticketing System) နှင့် သတ်မှတ်ခရီးစဉ်အတွင်း ခရီးသည်များလုံခြုံစွာ သွားလာနိုင်ရေး၊ ယာဉ်မောင်းများ ထိန်းကျောင်းမောင်းနှင်နိုင်ရေး (CCTV System) များ တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်ထားသည်။

အဆိုပါ ဝန်ဆောင်မှုသုံးရပ်ကို နည်းပညာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် နည်းပညာကုမ္ပဏီများ၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးနိုင်သည့် ကုမ္ပဏီများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့သို့ လာရောက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ YBS စနစ်တွင် အသုံးပြုမည့် Yangon Payment စနစ်အတွက် တင်ဒါခေါ်ယူထားပြီး ယင်းစနစ်အတွက် နိုင်ငံတကာကုမ္ပဏီကြီးများအပါအဝင် ကုမ္ပဏီများက စုံစမ်းမေးမြန်းမှုများပြားပြီး YBS စနစ်တွင် ကတ်ဖြင့်ငွေပေးချေမှုကို လာမည့်နှစ် ဖေဖော်ဝါရီလခန့်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။

လက်ရှိတွင် YBS ယာဉ်လိုင်းပေါင်း ၉၁ လိုင်းအထိရှိလာပြီး YBS ယာဉ်လိုင်းများ၌ အများပိုင်ကုမ္ပဏီ ၁၇ ခုရှိကာ အများပိုင်မဟုတ်ဘဲ ပြေးဆွဲနေသည့်ယာဉ်လိုင်း Operator များအနေဖြင့် လုပ်ဆောင်နေမှု ၁၅ ခုခန့်ရှိနေသဖြင့် စုစုပေါင်း ၃၂ ခုရှိကြောင်း သိရသည်။ ယင်းကုမ္ပဏီများမှ အများပိုင်မဖြစ်သေးသည့် ၁၅ ခုကို အများပိုင်အမြန်ဆုံးဖြစ်ရန် စနစ်တကျ အမြန်ဆုံးလုပ်ဆောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတကာအတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေးအပ်ထားသည်။

Most Read

Most Recent