မြောက်ကိုရီးယား သံတမန်အား မြန်မာ နှင်ထုတ်

မြောက်ကိုရီးယား သံတမန်အား မြန်မာ နှင်ထုတ်
Published 22 October 2017

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုခံရသည့် ကုမ္ပဏီတစ်ခုနှင့် ဆက်စပ်သည်ဟုဆိုသော မြောက်ကိုရီးယား သံတမန်တစ်ဦးအား မြန်မာနိုင်ငံက နှင်ထုတ်လိုက်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အစီရင်ခံစာအရ သိရသည်ဟု အောက်တိုဘာ ၂၀ ရက်က Yonhap သတင်းတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြောက်ကိုရီးယား အရေးယူမှုဆိုင်ရာကော်မတီ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အစီရင်ခံစာက “သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လုပ်ကိုင်နေသော ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသား မစ္စတာကင်ချိုနမ်အား အစိုးရအနေဖြင့် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်” ဟုပြောကြားသည်။

ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသည် မြောက်ကိုရီးယား၏ တရားဝင်နာမည်ဖြစ်သည်။

အစီရင်ခံစာက ကင်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုချမှတ်ခြင်း ခံထားရသော ကိုရီးယားသတ္တုတွင်းဖွံ့ဖြိုးရေး ကုန်သွယ်ရေးကော်ပိုရေးရှင်း (KOMID) နှင့်ဆက်စပ်သည်ဟု ပြောကြားသည်။

ထို့ပြင် မြောက်ကိုရီးယားသံရုံးသည် ၎င်းအား နေအိမ်သို့ပြန်ပို့ရန် ဧပြီတွင် အကြောင်းကြားခြင်းခံခဲ့ရကြောင်းနှင့် ကင်နှင့်သူ၏မိသားစုသည် ဇွန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကိုရီးယားသတ္တုတွင်း ဖွံ့ဖြိုးရေးကုန်သွယ်ရေးကော်ပိုရေးရှင်း (KOMID) သည် ပြုံယမ်း၏ လက်နက်များ၊ ပဲ့ထိန်းဒုံးလက်နက် ဆက်စပ်ပစ္စည်းများကို တင်ပို့သည့် လမ်းကြောင်းတစ်ခုအဖြစ် ယုံကြည်ရသည့် မြောက်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ၂၀၀၉ ခုနှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူမှုစာရင်းတွင် ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ပြီးခဲ့သည့်အစိုးရ လက်ထက်များတွင် နီးကပ်သည့် ဆက်ဆံရေးရှိသည်ဟု လူအများသိထားခဲ့ကြသည်။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော အရေးယူမှုဆိုင်ရာ အကောင်အထည်ဖော်မှု အစီရင်ခံစာကို မြန်မာနိုင်ငံက တင်သွင်းခဲ့ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာနိုင်ငံသည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန်အတွက် အပြည့်အဝကတိပြုသည်ဟု အစီရင်ခံစာက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာဂျုံဟိုဘွန်သည် ၂၀၁၆ ခုနှစ် မေ ၃၀ ရက် နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်တို့ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent