<

H1N1 နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများရှိကြောင်းနှင့် ဖြစ်လာပါက ကုသခြင်းများအတွက် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှ ရှင်းလင်း

H1N1 ရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားမှုများရှိကြောင်းနှင့် ဖြစ်လာပါက ကုသခြင်းများအတွက် နေ့စဉ်စစ်ဆေးလျက်ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း H1N1 ဖြစ်ပွားလာပါက ကြိုတင်ပြင်ဆင်ထားခြင်း အခြေအနေအား ဇူလိုင် ၃၁ ရက်တွင်ပြုလုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာကာလ လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် Daily Eleven က မေးမြန်းခဲ့ခြင်းဖြစ်သည်။ ယင်းမေးခွန်းအပေါ် ကာကွယ်ရေးအပိုင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာသီဟအောင်က “ပုံမှန်စောင့်ကြည့်လျက်ရှိတယ်။ နေ့စဉ်စစ်ဆေးသတင်းပို့ခြင်းတွေကိုလည်း လုပ်ဆောင်နေတယ်။ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်နေပါတယ်။ ကာကွယ်သင့်သည့် နည်းလမ်းများကိုလည်း ပြည်သူသို့ချပြထားပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကိုလည်း လုပ်ဆောင်နေတယ်။ တုပ်ကွေးပုံစံမျိုးလူနာတွေကိုလည်း ဟုတ်မဟုတ်ကို စစ်ဆေးနိုင်ဖို့ လုပ်ဆောင်ထားတယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း မက်စ်တွေဖြန့်ဝေထားတယ်” ဟုလည်း သတင်းစာရှင်းပွဲတွင် ပြောကြားသည်။

အလားတူစွာပင် စစ်တွေပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ဖြစ်သော ရခိုင်ပြည်နယ် ကုသရေးတာဝန်မှူး ဦးရွှေသိန်းကလည်း ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်မှ ရွာအဆင့်အထိ စိစစ်လျက်ရှိကြောင်းနှင့် ပုံစံများနှင့်တကွ နေ့စဉ်သတင်းပို့ခြင်းများကို လုပ်ဆောင်ထားရှိကြောင်း၊ ရရှိလာသော သတင်းအချက်အလက်များကိုလည်း ဗဟိုအဆင့်အထိ ပို့ဆောင်ပေးနေကြောင်း၊ အကယ်၍ ဖြစ်လာခဲ့သော်လည်း သေချာစွာကုသမှုခံယူနိုင်ရေးအတွက် ပြင်ဆင်ထားရှိကြောင်း၊ ယင်းသို့ပြင်ဆင်ရာတွင် သီးခြားအခန်းများကို ပြင်ဆင်ထားကြောင်း၊ ပြင်းထန်လူနာများ ဟုတ်မဟုတ်နှင့် သာမန်လူနာများကိုလည်း ခွဲခြားပြီးစစ်ဆေးကာ တုပ်ကွေး ဟုတ်၊ မဟုတ်ကို သေချာစွာစစ်ဆေးနေကြောင်း၊ သံသယရှိသော လူနာများတွေ့ရှိပါကလည်း ကုသရန်အတွက် ဆေးရုံတင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ပြောကြားသည်။

ယင်းအပြင် အရေးပေါ်အခြေအနေ ဖြစ်လာခဲ့လျှင် ချက်ချင်းတုံ့ပြန်နိုင်ရေးအတွက် ဆေးအဖွဲ့ ၃၁ ဖွဲ့ကိုဖွဲ့စည်းထားပြီး လူနာများအား သီးခြားစီခွဲခြားကာ ကုသပေးနိုင်သည့် Isolation Ward များကို မြို့နယ်ဆေးရုံများတွင်လည်း ပြင်ဆင်ထားကြောင်းနှင့် တုပ်ကွေးဆိုင်ရာ ပညာပေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများသို့လည်း နှာခေါင်းစည်းများ ပံ့ပိုးပေးထားကြောင်းနှင့် လက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ်အတွင်း ရောဂါဖြစ်ပွားမှုမရှိသေးကြောင်း သိရသည်။
Writer – သန်းလှိုင်၊ ၀င်းမောင်

July 31, 2017














Copy Protected by Chetan's WP-Copyprotect.