NCA စာချုပ်ပါ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို တပ်မတော်အနေဖြင့် လက်ခံထားသော်လည်း မည်သို့ရောက်အောင်သွားမည်ဆိုသည့် ရှင်းလင်းသည့်မူဝါဒအား ပြည်သူလူထုသို့ ထုတ်ပြန်ထားရန်လိုဟု သုံးသပ်မှုအချို့ရှိ

NCA စာချုပ်ပါ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို တပ်မတော်အနေဖြင့် လက်ခံထားသော်လည်း မည်သို့ရောက်အောင်သွားမည်ဆိုသည့် ရှင်းလင်းသည့်မူဝါဒအား ပြည်သူလူထုသို့ ထုတ်ပြန်ထားရန်လိုဟု သုံးသပ်မှုအချို့ရှိ
Published 22 October 2017

၂၀၁၇ ခုနှစ် မေလက နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်လာသော ညီလာခံကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

NCA စာချုပ်ပါ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို တပ်မတော်အနေဖြင့် လက်ခံထားသော်လည်း မည်သို့ရောက်အောင်သွားမည်ဆိုသည့် ရှင်းလင်းသည့်မူဝါဒအား ပြည်သူလူထုသို့ ထုတ်ပြန်ထားရန်လိုဟု သုံးသပ်ပြောကြားမှုအချို့ရှိသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ အောက်တိုဘာ ၂၁ ရက်တွင် DVB သတင်းဌာနက “မြန်မာ့တပ်မတော် အင်ဒိုနီးရှားစစ်တပ်ကို သင်ခန်းစာယူမလား” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် Debate အစီအစဉ်တွင် ပါဝင်ဆွေးနွေးသူအချို့က သုံးသပ်ပြောကြားခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးအရ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးတွင် မည်သို့ပူးပေါင်းပါဝင်ပါမည်ဆိုသည့် အခြေခံသဘောထားကို ပြည်သူလူထုသိရှိအောင် ထုတ်ပြန်ထားရန်လိုကြောင်း၊ ထိုသို့လုပ်ဆောင်ထားပါက တပ်မတော်နှင့် ပြည်သူလူထုသည် ယခုထက်ပိုမို၍ နွေးနွေးထွေးထွေးဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သည့်နေရာတွင် အားလုံးလက်တွဲ တည်ဆောက်သွားနိုင်မည်ဖြစ်ကြောင်း စာရေးဆရာဆောင်းပါးရှင် ကိုဝက ပြောကြားသည်။

“အခြေခံကတော့ တပ်မတော်ကနေပြီးတော့ ကျွန်တော်တို့ NCA မှာ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို လက်ခံပါတယ်ဆိုပြီး လက်မှတ်ထိုးထားတယ်။ အဲဒီတော့ ဒီဟာကတော့ ကျွန်တော့်အမြင်ပြောရင် အရေးကြီးတဲ့အချိုးအကွေ့လို့ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တောက်လျှောက် ၁၉၆၂ ကနေစပြီးတော့ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုပြိုကွဲရေးလို့ ဆုပ်ကိုင်နေရာကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတာကို နိုင်ငံရေးရည်မှန်းချက်အနေနဲ့ လက်ခံလိုက်တဲ့အတွက် ဒါကတော့အရေးကြီးတဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ ကျွန်တော်က ယူဆတယ်။ သို့သော်ငြားလည်းပဲ ဒါကိုလက်တွေ့ ဘယ်လိုဖြစ်မြောက်အောင် လုပ်မလဲဆိုတဲ့အပိုင်းမှာ ရှင်းလင်းတဲ့မူဝါဒမရှိဘူးလို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ တပ်မတော်အနေနဲ့ အဲဒါကိုပြည်သူလူထုကို ဒီ ဖက်ဒရယ်ပြည်ထောင်စုရောက်အောင် ဘယ်လိုသွားပါမယ်ဆိုတဲ့ တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့ခံယူချက်ကို ရှင်းပြပြီးတော့ ကျန်တဲ့အင်အားစုတွေနဲ့ ညှိနှိုင်းပြီးတော့ ဒါကို လက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင် တပ်မတော်အတွက်ကော တိုင်းပြည်အတွက်ကော အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုဝက ပြောကြားသည်။

တပ်မတော်အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ထားသဖြင့် NCA စာချုပ်ပါ အခြေခံမူများတွင်ပါရှိသည့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားသော်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ချက်အနက် တစ်ချက်ဖြစ်သည့် နိုင်ငံတော်မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ၏ အနှစ်သာရများကို လက်ခံပြီး တည်ဆဲအခြေခံဥပဒေဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လိုက်ပါဆောင်ရွက်ရန် သဘောထားထုတ်ပြန်ထားမှုမှာ ဝိဝါဒကွဲလွဲမှုအပေါ် စာရေးဆရာကိုဝက ထောက်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီသွားမည်ဆိုပါက တပ်မတော်သည် အရပ်သားအစိုးရ လက်အောက်ကသာဖြစ်ရမည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်ပါက ပြည်သူများက တပ်မတော်ကို ချစ်ခင်ကြမည်ဖြစ်ကြောင်း၊ တပ်မတော်သည် အရပ်သားအစိုးရ အောက်တွင်ရှိပါက ဆုံးဖြတ်ချက် မှားယွင်းမှုများရှိခဲ့သည့်တိုင် အစိုးရ၏ မှားယွင်းမှုသာဖြစ်ပြီး တပ်မတော်အနေဖြင့် တာဝန်ခံရန်မလိုကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

“အခုကတော့ တပ်မတော်က သီးခြားလုပ်ပြီးတော့ ငြိမ်းချမ်းရေးတစ်ခုခုလုပ်မယ်ဆိုရင် တိုက်ပွဲကဖြစ်လာပြီ။ သဘောက အခုဖြစ်နေတာက။ လူထုအနေနဲ့ တပ်မတော်နဲ့ သဟဇာတဖြစ်ရေးဆိုတာ မဖြစ်နိုင်ဘူးလားဆိုတာ သူတို့အနေနဲ့ တစ်ကယ်လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်ဆိုရင် ဖြစ်နိုင်တာပေါ့။ အင်ဒိုနီးရှားမှာ စစ်တပ်ကပြောင်းသလို ပထမလွှတ်တော်ထဲမှာ ၅၀၀ ရှိတယ်။ ၅၀၀ ထဲမှာ ၂၀ ရာခိုင်နှုန်းကတပ်မတော်။ ၁၉၉၈ မှာ ဆူဟာတိုပြုတ်ကျပြီးတဲ့အခါမှာ ၇၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ ၇၅ ရာခိုင်နှုန်းကနေ တဖြည်းဖြည်း ၃၈ ရာခိုင်နှုန်း၊ နောက် ၂၀၀၄ မှာ အစိုးရတက်တဲ့အခါမှာ လုံးဝတပ်မတော်က မရှိတော့ဘူး။ အခုက အဲဒီ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းတောင်မှ လျှော့ပေးဖို့ အစီအစဉ်မရှိဘူးဆိုတော့ အရပ်ဘက်က သံသယရှိတာပေါ့။ အဲတော့အဲဒါမျိုးတွေပေါ့။ လူထုက သူတို့တပ်မတော်ကို မုန်းတီးတာဆိုတာမရှိပါဘူး။ လူထုက တမင်မုန်းတီးတာ မဟုတ်ပါဘူး။ ပြဿနာလည်းမရှာဘူး။ သို့သော်တပ်မတော်ကသာ ပြည်တွင်းစစ်နဲ့ ပြည်သူလူထုနဲ့ကို သဟဇာတဖြစ်ဖို့ သူတို့ကစပြီးတော့ မီးစိမ်းပြပြီး လိုက်လိုက်လျောလျောနဲ့လုပ်ရင် ဒီမိုကရေစီလိုလားတယ် ဆိုတာကိုလည်း လက်တွေ့ပြရင်၊ အခုက လက်တွေ့ဘာတစ်ခုမှ မပြသေးဘူး။ ၂၅ ရာခိုင်နှုန်း ယူထားတဲ့အထဲက ဒီနှစ်ကို ၂၀ ရာခိုင်နှုန်းယူမယ်။ သို့မဟုတ် ဒီငါးနှစ်ကို ၂၅ ရာခိုင်နှုန်းထဲက ၁၀ ရာခိုင်နှုန်းလျှော့ချမယ်။ ငါးရာခိုင်နှုန်းလျှော့ချမယ်။ နောက်ငါးနှစ်ကျရင် ဘယ်လောက်လျှော့ချမယ်။ ငါးနှစ်သက်တမ်းသုံးကြိမ်မှာ တပ်မတော်ကိုအပြီးအပြတ် ရုပ်သိမ်းပေးမယ်လုပ်လိုက်ပါ” ဟု ဦးရဲထွဋ်က ပြောကြားသည်။

သို့ရာတွင် တပ်မတော်သည် စတင်ဖြေလျှော့လိုက်သည့် အပိုင်းများရှိကြောင်း၊ အရပ်ဘက်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို တဖြည်းဖြည်း ဆုတ်နေပြီဖြစ်သော်လည်း တပ်မတော်၏ထုံးစံအရ တပ်မတော်တွင် ဆုတ်ခွာသည့်အခါ ဗျူဟာရှိကြောင်း၊ တပ်စခန်းတစ်ခုကိုတိုက်ပြီး ပြန်လည်ဆုတ်ခွာသည့်အခါ နောက်ကြောင်းလုံအောင် သေချာဆောင်ရွက်ပြီးမှ သွားနေခြင်းဖြစ်သဖြင့် ပြည်သူများအမြင်တွင် တပ်မတော်၏ ဆုတ်ခွာမှုသည် နှေးလွန်းသည်ဟု မြင်နေခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော်၏ သဘောသဘာဝကို နားလည်ပြီး တပ်မတော်၏ ခံစားချက်မျိုး ပြည်သူများဘက်က နားလည်မှုရှိရန်အတွက် နိုင်ငံရေးသမားများက ပညာပေးမှုများပြုလုပ်နိုင်ရန်လိုကြောင်း သေနင်္ဂအင်စတီကျု အမှုဆောင် ဒါရိုက်တာဦးသိန်းထွန်းဦးက ပြောကြားသည်။

“ဆိုလိုတာက ဘယ်မှာပြဿနာတက်လဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ၁၉၈၈ ပြီးသွားတဲ့အချိန် ဒီမိုကရေစီ ပြန်စမယ်ဆိုတဲ့အချိန်မှာ အရင်တုန်းက အာဏာရှင်စနစ်လို့ သတ်မှတ်ထားတဲ့နေရာမှာ ဒီမိုကရေစီလက်ထဲကို ရုတ်တရက် Turning Point ကပြောင်းသွားတယ်။ ဒီမိုကရေစီဘာဆိုတာ ဘယ်လိုလုပ်ရမယ်ဆိုတာ။ ဒီမိုကရေစီရဲ့ အနှစ်သာရ။ ဒါနဲ့ပတ်သက်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေက ကျွန်တော်တို့မှာ ပညာပေးတာတို့၊ နားလည်အောင်လုပ်တာတို့ အင်မတန် အားနည်းနေသေးတယ်။ ဒါလေးကို Educate လုပ်ပြီး ရှေ့ဆက်လျှောက်သွားမယ်ဆိုရင် တပ်နဲ့ အရပ်ဘက်ကြားဆက်ဆံရေးက တော်တော်လေး အားကောင်းပြီး အဆင်ပြေသွားပါလိမ့်မယ်။ အဓိကတော့ နှစ်ဖက်လုံးလုပ်ရပါလိမ့်မယ်။ တစ်ဖက်တည်းတော့ မရဘူးဗျ။ နှစ်ဖက်လုံးလုပ်မှ သွားလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ သံသယတွေပေါ့ဗျာ။ တပ်ကလည်း သူ့ဘက်မှာ ကြောက်တာရှိတယ်။ သူက အမြဲတမ်းတိုက်နေရတာကို။ တစ်ခုခုဖြစ်ရင်တိုက်ရပြီဆိုတော့ သူလည်း နိုင်ငံရေးသမား ထိုးကျွေးလာမယ့် အကွက်မျိုးဆိုရင် ကြောက်နေပြီ။ ကြောက်နေတော့ အတတ်နိုင်ဆုံး သူလည်းရှောင်လာပြီ။ ရှောင်လာတဲ့အချိန်မှာ အရပ်ဘက်အနေနဲ့တပ်သည် တဖြည်းဖြည်းဆုတ်ခွာနေပြီ။ ဒါကြောင့်တို့တွေလည်း သူနဲ့ပတ်သက်ပြီး Favour ပေးသင့်တယ်။ တပ်ကလည်းဆက်ပြီးတော့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ Public ဧရိယာမှာ မဝင်တော့ဘူး။ တဖြည်းဖြည်းချင်း နောက်ကိုဆုတ်သွားမယ်ဆိုရင်တော့ နောက်ပိုင်းမှာ တပ်နဲ့အရပ်ဘက်ဆက်ဆံရေးဟာ အားကောင်းပြီး အဆင်ပြေသွားနိုင်ပါမယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ထို့အတူ တပ်မတော်သည် ဘတ်ဂျက်မလုံလောက်ဟုဆိုကာ စီးပွားရေးလုပ်ဆောင်နေခြင်းမျိုးကို လျှော့ချသင့်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောကြားသည်။

တပ်မတော်သည် စီးပွားရေးတွင် အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးမရရှိတော့ကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးထမ်းဆောင်မှုတွင် တပ်မတော်၏ ဦးပိုင်ပါဝင်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးရမည်ဖြစ်ပြီး ကောင်းအောင်လုပ်ဆောင်ပါက ဆက်လက်ရှင်သန်မည်ဖြစ်ပြီး မကောင်းပါက ကျဆုံးသွားမည်ဖြစ်ကြောင်း တပ်မတော်အရာရှိ အငြိမ်းစားတစ်ဦးဖြစ်သည့် စာရေးဆရာ နိုင်ငံရေးသုတေသီ ဒေါက်တာအောင်မျိုးက တုံ့ပြန်ပြောဆိုသည်။

ထို့အတူ တပ်မတော်သည် ယခင်ကတည်းက လမ်းပြမြေပုံရှိခဲ့ကြောင်း၊ လမ်းပြမြေပုံတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်မည်ဆိုသည့် နောက်ဆုံးအဆင့်ရောက်ရှိကာ ဒီမိုကရေစီနိုင်ငံတော် ပေါ်သွားပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မူဝါဒပေါ်လစီချမှတ်ရာတွင် သီးသန့်မူဝါဒပေါ်လစီ ချမှတ်ပိုင်ခွင့်မရှိတော့ကြောင်း၊ ၎င်းရပ်တည်ချက်ဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်မည်ဆိုသည့် အခြေအနေတွင် ရပ်တည်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေအနေကိုကြည့်ကာ အမှန်တကယ်လှုပ်ရှားရမည်မှာ လက်ရှိအာဏာရပါတီ၊ လက်ရှိအစိုးရ၊ လက်ရှိလွှတ်တော်တို့မှဖြစ်ကြောင်း၊ အခြေအနေဖန်တီးပိုင်ခွင့်သည် လက်ရှိအာဏာရပါတီတွင်သာရှိပြီး တပ်မတော်တွင် အခြေအနေဖန်တီးပိုင်ခွင့် ပါဝါမရှိတော့ကြောင်း၊ အာဏာရပါတီ၏ မူဝါဒချမှတ်နိုင်မှု တောက်ပြောင်မှုပေါ်မူတည်ကာ တပ်မတော်သည် လိုက်လျောညီထွေ ဖြစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်မျိုးက ဆိုသည်။

Most Read

Most Recent