လူနေအိမ်အနီးတွင် တာဝါတိုင်ဆောက်ခြင်းအပေါ် ကျန်းမာရေးအမြင်အရ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သော်လည်း တာဝါတိုင်နှင့်ကပ်လျက် ဧရိယာမှာ ရေဒီယိုလှိုင်း အန္တရာယ်အနည်းဆုံးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထား

လူနေအိမ်အနီးတွင် တာဝါတိုင်ဆောက်ခြင်းအပေါ် ကျန်းမာရေးအမြင်အရ အငြင်းပွားမှုများ ရှိနေဆဲဖြစ်သော်လည်း တာဝါတိုင်နှင့်ကပ်လျက် ဧရိယာမှာ ရေဒီယိုလှိုင်း အန္တရာယ်အနည်းဆုံးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထား
Published 22 October 2017

ရှမ်းပြည်နယ် အင်းလေးတွင် စိုက်ထူထားသည့် တာဝါတိုင်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- နေမျိုးထွန်း)

လူနေအိမ်အနီးတွင် ဆက်သွယ်ရေး တာဝါတိုင်ဆောက်ခြင်းအပေါ် ကျန်းမာရေးအမြင်အရ အငြင်းပွားမှုများရှိနေဆဲဖြစ်သော်လည်း တာဝါတိုင်နှင့်ကပ်လျက်ဧရိယာမှာ အရိပ်ကျရောက်သော ဧရိယာဖြစ်သည့်အတွက် ရေဒီယိုလှိုင်းသက်ရောက်မှု အနည်းဆုံးနေရာဖြစ်သောကြောင့် ရေဒီယိုလှိုင်း အန္တရာယ်အနည်းဆုံး နေရာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားချက်အရ သိရသည်။

တာဝါတိုင်တွင်ရှိသော အင်တာနာမှလွဲ၍ တာဝါ၏ကိုယ်ထည်မှ ရေဒီယိုလှိုင်းများ ထုတ်လွှင့်ခြင်းမရှိဘဲ အင်တာများသည် မျက်နှာမူရာ အရပ်သို့သာ ထုတ်လွှင့်သဖြင့် တာဝါအောက်ခြေတွင် လျှပ်စစ်သံလိုက်စက်ကွင်းများ သက်ရောက်မှု အနည်းဆုံးဖြစ်သဖြင့် အန္တ ရာယ်အနည်းဆုံးနေရာဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ၂၀၁၅ ခုနှစ်၊ မတ်လတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးတာဝါပစ္စည်းများ နှင့်၎င်းတို့မှ ရေဒီယိုလှိုင်း ထုတ်လွှင့်မှုမှာ နိုင်ငံတကာသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုခဲ့သည်။ ရေဒီယိုလှိုင်းထုတ်လွှင့်မှုမှာ နိုင်ငံတကာက အန္တရာယ်ရှိကြောင်း သတ်မှတ်ထားသော အဆင့်ထက် အဆပေါင်း ၁၀၀ ကျော် လျော့နည်းသည်ကိုတွေ့ရှိရသည်ဟု ဆိုသည်။

မိုဘိုင်း ဆက်သွယ်ရေးတာဝါများနှင့် ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုအခြေအနေများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးတာဝါတိုင်များမှ ထုတ်လွှင့်သည့် ရေဒီယိုလှိုင်းများသည် အလွန် အားနည်းသည့်အတွက် ပြည်သူများ၏ကျန်းမာရေးကို ထိခိုက်နိုင်ဖွယ်ရှိသည့် သက်သေ အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအလင်းထုတ်ပြန်  ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် တာဝါတိုင်ကြောင့် မိုးကြိုးအန္တ ရာယ်ရှိနိုင်သည်ဟု ယူဆမှုများမှာလည်း မဟုတ်မှန်ဘဲ တာဝါတိုင်များတွင် အားကောင်းသော မိုးကြိုးလွှဲစနစ်များ တပ်ဆင်ထားပြီး သာမန်အဆောက်အအုံများတွင် တပ်ဆင်ထားသည့် မိုးကြိုးလွှဲများထက် ပိုမိုကောင်းမွန်ကြောင်း သိရသည်။

တယ်လီနောမြန်မာ၏ တရားဝင်ပြောကြားထားချက်အရ တာဝါတိုင်များ တည်ဆောက်ခြင်းအပေါ် ရပ်ကွက်နေပြည်သူများက ကန့်ကွက်မှုအများစုမှာ မြေနေရာငှားရမ်းလိုခြင်း အကျိုးစီးပွားပေါ်တွင် အဓိကမူတည်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏အဆိုအရ မြေငှားရမ်းခ ရရှိသူများအပေါ် အိမ်နီးချင်းများအနေဖြင့် မနာလိုဖြစ်ခြင်းများတွင် အခြေခံခဲ့သည်ဟု ဆိုသည်။

သို့သော် တာဝါတိုင်များက ကျန်းမာရေးအပေါ် တိုက်ရိုက်ဆိုးကျိုး ဖြစ်ပေါ်စေခြင်းများ မရှိသည့်တိုင်အောင် တာဝါတိုင်များ၏ စွမ်းအင်စနစ်အတွက် မီးစက်မောင်းရာမှဖြစ်ပေါ်လာသည့် မီးခိုးငွေ့များ၊ ဆူညံသံများမှာ အနီးဝန်းကျင်တွင် နေထိုင်သူများကို စိတ် အနှောင့်အယှက်ဖြစ်စေကြောင်း ကြုံတွေ့ရသူတို့က ဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာတို့ကမူ အဆိုပါပြဿနာများကိုလည်း ပြေလည်အောင်ဖြေရှင်းလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဆက်သွယ်ရေး တာဝါတိုင်ပေါင်း သောင်းချီအထိ ရှိလာပြီး ဆက်သွယ်ရေး အော်ပရေတာတစ်ခုလျှင် တာဝါတိုင်ပေါင်း ၅၀၀၀ မှ တစ်သောင်းအကြားတွင် တည်ဆောက်ပြီးစီးထားကြောင်း သိရသည်။ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုလျှင် တာဝါတိုင်တစ်သောင်း အထိ ရှိလာစေရန်တိုးချဲ့ တည်ဆောက်လျက်ရှိသည်။

Most Read

Most Recent