ဧရာဝတီတိုင်းဒေသကြီးတွင် H1N1 ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိပြီး ခြောက်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီးတွင် H1N1 ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိပြီး ခြောက်ဦးသေဆုံး
Published 31 July 2017


ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင် ၃၁ ရက်တွင် အသိပေးရှင်းလင်းပွဲ ပြုလုပ်စဉ်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ခုနစ်မြို့တွင် H1N1 ရောဂါဖြစ်ပွားသူ ၁၃ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၃၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် A(H1N1) လူတုပ်ကွေးရောဂါ လက်ရှိအခြေနေအား အသိပေးရှင်းလင်းပွဲမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၀၆ ဦးရှိပြီး H1N1 ရောဂါဖြစ်ပွားမှု စစ်ဆေးအတည်ပြုပြီးသူ ၁၃ ဦးရှိပြီး ၎င်းတို့အနက် သေဆုံးသူခြောက်ဦးရှိကာ မြို့နယ်များအလိုက် ဖြစ်ပွားမှုနှင့် သေဆုံးမှုများမှာ ပုသိမ်မြို့နယ်မှ ဖြစ်ပွားသူခြောက်ဦးတွင် သေဆုံးသူတစ်ဦး၊ ညောင်တုန်းမြို့နယ်မှ ဖြစ်ပွားသူနှစ်ဦးတွင် သေဆုံးသူတစ်ဦးရှိခဲ့ပြီး ဒေးဒရဲမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ကျုံပျော်မြို့နယ်တို့တွင် တစ်မြို့နယ်လျှင်တစ်ဦးဖြစ်ပြီး ဖြစ်ပွားသူများသေဆုံးကြောင်း၊ ရေကြည်မြို့နယ်တွင် တစ်ဦးဖြစ်ပွားခဲ့ပြီး သေဆုံးသူမရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။

“ဒီကာလဟာ တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် အရေးကြီးကာလဖြစ်တဲ့အတွက် ကျန်းမာရေးဌာနတစ်ခုတည်းက အလုံးစုံတာဝန်ယူရမယ်လို့ မခံယူကြဘဲနဲ့ အစိုးရနဲ့ ဌာနဆိုင်ရာများရယ် ဥပဒေပြုရေးဘက်မှပုဂ္ဂိုလ်များ ဌာနဆိုင်ရာများ လုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများမှ ပူးပေါင်းကူညီဆောင်ရွက်ရန် လိုအပ်သလို မီဒီယာများဘက်မှလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တုပ်ကွေးရောဂါလက္ခဏာများ ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူပြည်သားများ ဖော်ပြပေးဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု A(H1N1) လူတုပ်ကွေးရောဂါ လက်ရှိအခြေနေအား အသိပေးရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် မန်းဂျော်နီက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် ရောဂါဖြစ်ပွားသူများအား စောင့်ကြည့်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားပါက အချိန်မီထိန်းချုပ်ထားရန် လိုအပ်ကြောင်း၊ ရောဂါပြန့်ပွားမှုကို လျော့ပါးအောင် လုပ်ဆောင်ရန်နှင့် ပြည်သူလူထုအနေနှင့် မဖြစ်မနေပါဝင်သင့်ကြောင်း၊ ပြည်သူလူထု ကျန်းမားရေးအသိပညာရှိစေရန် ကျန်းမာရေးအသိပညာပေးရန် လိုအပ်ကြောင်း အသိပေးရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ဆရာကြီးဆရာမကြီးများလည်း ရောက်လာတာဖြစ်တဲ့အတွက် ကိုယ့်မြို့နယ် အခြေအနေလေးတွေသိရအောင် တင်ပြတာဖြစ်ပါတယ်။ ကျန်တဲ့မြို့နယ်တွေကလည်း ကိုယ့်တံခါးလာခေါက်တဲ့အထိ စောင့်ဖို့မလို့ပါဘူး။ ဘာဖြစ်လိုဆိုတော့ ပုသိမ်မှာဖြစ်နေတယ်ဆိုတော့ ငပုတောဘက်တော့ ပျော်နေတာပဲ။ ကန်ကြီးထောင့်ကလည်း ပျော်နေတာပဲ။ မပျော်နဲ့လာမယ်ဆိုတော့ ကြိုတင်ပြီး Awareness ရှိနေရမယ်။ ပြည်သူလူထုက Awareness ရှိနေပြီး ကျန်းမာရေးဌာနက နည်းနေသလို မဖြစ်အောင် ဆောင်ရွက်ရမယ်။ ဆရာကြီးတို့ မလုပ်ဘူးပြောတာ မဟုတ်ပါဘူး။ လုပ်နေတဲ့အထဲကမှ အားပိုထည့်ပေးဖို့ပါ။ နောက်တစ်ခုက ဒါဟာအမျိုးသားရေး ပြဿနာဖြစ်တာမို့ လူတစ်ယောက်ချင်းစီတိုင်းမှာ လုပ်နိုင်တာထက် ပိုလုပ်ပေးဖို့ပါ မေတ္တာရပ်ခံပါတယ်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ပြောကြားသည်။

(H1N1) ရောဂါမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအတော်များများတွင် ဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားမှုအနည်းဆုံးဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးအတွက် ကျန်းမာရေးလက်ကမ်းကြော်ငြာ ၆၀၀၀၀ နှင့် ပိုစတာ ၁၅၀၀၀ ရိုက်နှိပ်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ သီခြားအသိပညာပေးများ လုပ်ဆောင်လိုပါက ဝန်ကြီးဌာနမှ ညွှန်ကြားချက် သဘောတရာများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ဆက်လက်သိရသည်။

Writer- နီလာစိုး

Most Read

Most Recent