ဝန်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းထံမှ ဖမ်းဆီးရမိသည့် ကျည်ဆန်များအကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ထုံးဘိုမြို့မှ ရဲအုပ်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူထားကြောင်း သိရ

ဝန်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းထံမှ ဖမ်းဆီးရမိသည့် ကျည်ဆန်များအကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ထုံးဘိုမြို့မှ ရဲအုပ်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူထားကြောင်း သိရ
Published 22 October 2017

 

နေပြည်တော်လေဆိပ်တွင် ဝန်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းထံက ဖမ်းဆီး ရမိခဲ့သည့် ကျည်ဆန်များအကြောင်း လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည့် ထုံးဘို မြို့နယ် မြေရဲစခန်းမှ ရဲအုပ်ဝင်းထွန်းနိုင်အား ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ ရဲအုပ်ဝင်းထွန်းနိုင်မှာ အောက်တိုဘာ ၁၇ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နေပြည်တော်လေဆိပ်နှင့် ဟိုတယ်များတွင် ဖမ်းဆီးရမိခဲ့သည့် သေနတ်နှင့် ကျည်ဆန်များတွင် ကျည်ဆန်များမှာ ငါးလောင်းပြိုင်လူသတ်မှုတွင် အသုံးပြုခဲ့သည့် ကျည်ဆန်များနှင့် တူနေကြောင်း ရေးသားခဲ့မှုကြောင့် ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အခြေအနေက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေဖြစ်တဲ့အတွက် ကျွန်တော်တို့က ပြောလို့မရပါဘူး။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေပါ။ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ ယူတာလေ။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူထားပါတယ်” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့ မှူးဒုရဲမှူးကြီး မြင့်အေးက ပြောကြားသည်။

ရဲအုပ်ဝင်းထွန်းနိုင်မှာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဖြစ်ပြီး ဒေသတွင်း လူမှုဆက်ဆံရေးတွင် အဆင်ပြေကြောင်း ဒေသခံများက ပြောကြားသည်။

“သတင်းတော့ ကြားလိုက်မိတယ်။ အဲဒီလို ဖြစ်တယ်ဆိုတာကို။ သူတို့မလာသေးဘူးပဲ ထင်နေတာ။ သူ့ Facebook အကောင့်ကို ဝင်ကြည့်သေးတယ်။ မတွေ့ဘူး။ ဖြုတ်ချလိုက်တယ်နဲ့တူတယ်။ ဒေသတွင်း ဆက်ဆံရေးကတော့ အရမ်းကောင်းတဲ့ ရဲလို့ပြောရမယ်။ အစ်မတို့နဲ့လည်း ခင်ပါတယ်။ ဥပဒေ အကြောင်း နားမလည်သူတွေဆိုရင်လည်း သေချာရှင်းပြတယ်။ လိုက်ကူညီပေးတယ်။ စိတ်ရင်းကောင်းတယ်။ ဆက်ဆံရေးကောင်းပါတယ်။ သတင်းကြားရတော့ စိတ်တောင်မကောင်းဘူး” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ထုံးဘိုတိုက်နယ်) ဥက္ကဋ္ဌဒေါ်စန်းယုက ပြောကြားသည်။

အဆိုပါ ရဲအုပ်ဝင်းထွန်းနိုင်အား ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် သုံးရက်ကြာ ခေါ်ယူ စစ်ဆေးခဲ့အပြီးတွင် ယင်းသို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent