H1N1 လူနာ ၁၁ ဦး ထပ်မံတွေ့ရှိပြီး နှစ်ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးသူ ၁၂ ဦးထိ ရှိလာ

H1N1 လူနာ ၁၁ ဦး ထပ်မံတွေ့ရှိပြီး နှစ်ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးသူ ၁၂ ဦးထိ ရှိလာ
Published 31 July 2017

H1N1 ရောဂါကြောင့် နှာခေါင်းစည်းတပ်ဆင်ကာ ရန်ကုန်မြို့တွင်း သွားလာနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဇူလိုင် ၃၁ ရက်တွင် ရာသီတုပ်ကွေး Seasonal Influenza A (H1N1) pdm 2009 ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၁ ဦး ထပ်မံတိုးလာပြီး နှစ်ဦးထပ်မံသေဆုံးသဖြင့် စုစုပေါင်းသေဆုံးသူ ၁၂ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 သံသယရှိသူများမှာ ဇူလိုင်၂၁ ရက်မှ ၃၁ ရက်မွန်းလွဲ ၂ နာရီအထိ ဆေးရုံတက်ရောက် ကုသသည့်လူနာ ၂၁၃ ဦးရှိသည့်အနက် H1N1 အတည်ပြုလူနာမှာ ၆၂ ဦးထိရှိလာပြီး သေဆုံးသူ စုစုပေါင်း ၁၂ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ သိရသည်။

“ဒီနေ့ထိ H1N1 လူနာ ၁၁ ဦးတိုးလာတယ်။ သေဆုံးသူကတော့ နှစ်ဦးပေါ့။ ၁၁ ဦးနဲ့ဆို ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၂ ဦးပေါ့။ သေဆုံးသူ စုစုပေါင်းကတော့ ၁၂ ဦး ရှိတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်ထိ H1N1 ရောဂါ အတည်မပြုနိုင်သေးသော သံသယလူနာများလည်း ရှိနေသေးကြောင်းနှင့် ဆေးရုံအချို့တွင်လည်း H1N1 သံသယလက္ခဏာရှိသူများ တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။

H1N1 ဖြစ်ပွားမှု အခြေအနေများနဲ့ ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သတင်းထိမ်ချန်မှုများ မရှိကြောင်း၊ ရောဂါဖြစ်ပွားတွေ့ရှိမှု၊ သေဆုံးမှု အခြေအနေများကိုလည်း တရားဝင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွား၊ သေဆုံးမှု အခြေအနေများကိုလည်း အချိန်နှင့်အမျှ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းပိုးဝင် ရောဂါလူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာ ထိန်းချုပ်နိုင်ရန်အတွက် အထူးကုဆေးရုံ (ဝေဘာဂီ) သို့ ဦးစားပေး ပို့ဆောင်ကုသပေးလျက်ရှိပြီး ဇူလိုင် ၃၀ ရက် အထိဝေဘာဂီ အထူးကုဆေးရုံတွင် တက်ရောက်ကုသနေသည့် H1N1 လူနာများ ရှိကြောင်း သိရသည်။

ယင်းလူနာများတွင် လူကြီးများသာမက ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါရောဂါမှာ မြန်မာနိုင်ငံ သာမက အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားလျက်ရှိသည်။

Writter: ငြိမ်းငြိမ်းသူ

Most Read

Most Recent