မြို့တွင်း မြို့ပြင်လမ်းများ၌ ယာဉ်ကျော်တက်ရာတွင် ယာဘက်အချက်ပြမီးပြမှသာ ကျော်တက်နိုင်မည်

မြို့တွင်း မြို့ပြင်လမ်းများ၌ ယာဉ်ကျော်တက်ရာတွင် ယာဘက်အချက်ပြမီးပြမှသာ ကျော်တက်နိုင်မည်
Published 31 July 2017

တစ်နိုင်ငံလုံးရှိ မြို့တွင်း မြို့ပြင် ကားလမ်းများ၌ ယာဉ်ကျော်တက်ရာတွင် ရှေ့ယာဉ်က နောက်ယာဉ်အား ယာဘက်အချက်ပြမီးဖြင့် အချက်ပြမီးပြမှသာ ကျော်တက်နိုင်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက အသိပေးစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ အသိပေးစာထဲတွင် “၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေအရ ထုတ်ပြန်ထားသော ညွှန်ကြားချက်၏ “မော်တော်ယာဉ်တွင် တပ်ဆင်ထားသောမီးများနှင့် ယာဉ်မောင်းသူများ၏ လက်ဖြင့် အချက်ပြပုံများ” အခန်း၌ မော်တော်ယာဉ်အား ကျော်တက်နိုင်ကြောင်း ကိုယာဉ်၏ လက်ယာဘက်မီးဖြင့် အချက်ပြနိုင်ရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။

ယာဉ်များကျော်တက်ရာတွင် ရှေ့ယာဉ်သည်နောက်မှ ကျော်တက်လိုသော ယာဉ်ကို ကျော်တက်နိုင်ကြောင်း ယာဉ်၏ လက်ယာဘက်မီးဖြင့် အချက်ပြခြင်းသည် အမှန်ဖြစ်သော်လည်း ယာဉ်မောင်းအများစု အထူးသဖြင့် ကားကြီးယာဉ်မောင်း အများစုသည် အဝေးပြေးလမ်းမကြီးများပေါ်၌ ယာဉ်၏ လက်ဝဲဘက်မီးဖြင့်သာ အချက်ပြ၌ လွဲမှားစွာ ကျင့်သုံးနေကြသည်။ ယင်းသို့ လွဲမှားနေသည့်အတွက် မလိုလားအပ်သော ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အသိပေးစာတွင် ပါဝင်သည်။

ယာဉ်ကျော်တက်ရန် အချက်ပြမှု အမှန်သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပညာပေးမှုများ ဆောင်ရွက်ပြီးနောက် စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီမှ စတင်ကာ တစ်နိုင်ငံလုံးရှိ မြို့တွင်းလမ်း၊ မြို့ပြင်လမ်း၊ အဝေးပြေးလမ်း၊ အမြန်လမ်းအားလုံး၌ ယာဉ်မောင်းများ အားလုံးသည် အချက်ပြမီးအမှန်သို့ တစ်ချိန်တည်း တစ်ပြေးညီ စတင်ကျင့်သုံးရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

ထိုသို့ ပြောင်းလဲကျင့်သုံးမှု မတိုင်မီအတွင်း လွဲမှားမှုများရှိနိုင်သည့်အတွက် ယာဉ်ကျော်တက်မည်ဆိုပါက အခြေအနေအရပ် ရပ်ကိုသုံးသပ်၍ သတိပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ အသိပေးစာထဲတွင် ပါဝင်သည်။

Writter: ရှိုင်းလင်းအောင်

Most Read

Most Recent