သိန်းထောင်ချီ လာဘ်စားခဲ့သည်ဆိုသော အမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုပါ ခြောက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းတို့အနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအား ဖမ်းဝရမ်းထုတ်ထား

သိန်းထောင်ချီ လာဘ်စားခဲ့သည်ဆိုသော အမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုပါ ခြောက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းတို့အနက် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးအား ဖမ်းဝရမ်းထုတ်ထား
Published 31 July 2017

သိန်းထောင်ချီ လာဘ်စားခဲ့သည်ဆို သောအမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုပါခြောက်ဦးကို ရန်ကုန်တိုင်းတရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းတို့အနက် တစ်ဦးအား ဖမ်းမမိသေးသဖြင့် ဝရမ်းထုတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှ ဇူလိုင် ၃၁ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါအမှုမှ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီး ဌာနမှ ဒုတိယရဲမှူးကြီးကျော်ဇေယျ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိတစ်ဦးဖြစ်သည့် ဦးမျိုးခိုင်၊ ဗိုလ်ကြီး(အငြိမ်းစား)တစ်ဦးဖြစ်သည့် ဦးနေမျိုးထွန်း (မြေပိုင်ရှင်၏ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ) နှင့် ဦးကျော်နိုင်စိုး (မြေပိုင်ရှင်၏ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ) ဆိုသူတို့ကို အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယညွန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးကျော်ရဲသွေးဆိုသူမှာ ဖမ်းဆီးရမိထားခြင်း မရှိသေးဖြင့် တရားရုံးမှ ဝရမ်းထုတ်ထားကြောင်း သိရသည်။

၎င်းတို့ ခြောက်ဦးအနက် ဖမ်းဆီးရမိထားသူ ငါးဦးအား ရာဇသတ်ကြီး အမှုအမှတ် ၃/၂၀၁၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ၅၆/၆၃၊ ဖမ်းမမိသေးသည့် ဦးကျော်ရဲသွေးဆိုသူကို ရာဇဝတ်အထွေထွေ အမှုအမှတ် ၁/၂၀၁၇၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ၅၆/၆၃၊ ကျင့် - ၅၁၂ တို့ဖြင့် ဇူလိုင် ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခင်ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လက်ရှိကရင်ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဦးပြုံးချိုနှင့် ပြည်ထဲရေးဝန်ထမ်းအရာရှိများ အပါအဝင် ခြောက်ဦးကို သိန်းထောင်ချီသော အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူထားခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက စတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်မြို့ရှိ မြေကွက်တစ်ကွက်နှင့် ပတ်သက်ပြီး သိန်းထောင်ချီသော အဂတိလိုက်စားမှုဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို မူလက ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ ပါဝင်ပတ်သက်နေသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လွှဲပြောင်းပေးပြီး ကိုင်တွယ်စေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အထင်အရှား ပေါ်ပေါက်သည့်အတွက် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချို (ယခင်က ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီး ကျော်ဇေယျ(ယခင်ဝန်ကြီးရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ စစ်ကိုင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးခိုင် (ယခင်ဝန်ကြီးရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန)၊ မော်လိုက်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးကျော်ရဲသွေး (ယခင်ဝန်ကြီးရုံး ပြည်ထဲရေးဝန်ကြီးဌာန)၊ ဗိုလ်ကြီး(အငြိမ်းစား) တစ်ဦးဖြစ်သည့် ဦးနေမျိုးထွန်း (မြေပိုင်ရှင်၏ ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူ)နှင့် ဦးကျော်နိုင်စိုး(မြေပိုင်ရှင်၏ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ) စုစုပေါင်းခြောက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးစိန်တင်က တရားလိုပြုလုပ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/ ၆၃ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး လာမည့်ရုံးချိန်းကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ သြဂုတ် ၇ ရက်တွင် ချိန်းဆိုထားသည်။

Writter: နေမျိုးဝင်း၊ စည်သူ

Most Read

Most Recent