စီမံကိန်းလုပ်ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများကို တောင်သူများထံ ပြန်ပေးရန်နှင့် တောင်သူများအား နှစ်အလိုက်လျော်ကြေးများ ပေးရမည့်အချက်များကို လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

စီမံကိန်းလုပ်ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများကို တောင်သူများထံ ပြန်ပေးရန်နှင့် တောင်သူများအား နှစ်အလိုက်လျော်ကြေးများ ပေးရမည့်အချက်များကို လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ထည့်သွင်းရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
Published 31 July 2017

စီမံကိန်းလုပ်ရန် သိမ်းဆည်းထားသည့် လယ်ယာမြေများအား တောင်သူများထံ ပြန်ပေးရန်နှင့် တောင်သူများအား နှစ်အလိုက် လျော်ကြေးများပေးရမည့် အချက်များအား လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းရန် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။

ဇူလိုင် ၃၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးစဉ် ကိုယ်စားလှယ်နှစ်ဦးက ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါ်စန်းစန်းမြင့်က “တောင်သူတွေအတွက် ပုံစံ ၇ ကို လွယ်လွယ်ကူကူ ထုတ်ပေးရပါမယ်။ လက်သင့်ရာ ထုတ်ပေးနေတာတွေ တွေ့နေပါတယ်။ ဒါကြောင့်မို့ သေချာစိစစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်တွေကိုပေးဖို့ ဥပဒေမူကြမ်းမှာ ထပ်မံဖြည့်စွက်ချင်ပါတယ်။ ဥပဒေကြမ်းရဲ့ ပုဒ်မ ၃၂ မှာ စီမံကိန်းများ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် အကောင်အထည် ဖော်ရမည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်ခြင်း မပြုတော့ပါက မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမည်ဖြစ်ပြီး မြေများကို သိမ်းယူခံခဲ့ရသည့် တောင်သူများအား နှစ်အလိုက် လျော်ကြေးပေးရမည်လို့ ဖြည့်စွက်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ စီမံကိန်းတွေ လုပ်မယ်ဆိုတုန်းက တောင်သူတွေထံကနေ လယ်ယာမြေတွေကို သိမ်းယူချင်သလို သိမ်းယူခဲ့တယ်။ မလုပ်တဲ့အခါကျတော့ ဒီအတိုင်း ပြန်ပေးလိုက်မယ်ဆိုရင် လယ်သမားတွေအနေနဲ့ အင်မတန်နစ်နာပါတယ်။ ဒါကြောင့်မို့ တောင်သူတွေကို နှစ်အလိုက် လျော်ကြေးပေးရမယ် ဆိုတာကို ဖြည့်စွက်ချင်ပါတယ်” ဟု ဆွေးနွေးသည်။

ဆက်လက်၍ တောင်သူလယ်သမားများ အကျိုးဆောင်ရွက်နိုင်ရန်အတွက် တောင်သူလယ်သမား အဖွဲ့အစည်းများကို နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေစီမံခန့်ခွဲမှု အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရဆိုသည့် ပြဋ္ဌာန်းချက်သည် တောင်သူများသည် အမြဲတမ်း နစ်နာမှုများခံနေရကြောင်း၊ တောင်သူအများစုသာ တရားရုံးများသို့ ရောက်ရှိနေကြောင်း၊ ထောင်ကျခြင်း၊ တရားစွဲဆိုခံရခြင်းများ ရှိခဲ့ကြောင်း၊ အဆိုပါ အဖွဲ့ဝင်များ အနေဖြင့်လည်း သဘောရိုးဖြင့် စစ်ဆေးခြင်းလားဆိုသည်မှာ စဉ်းစားရမည့် အချက်ဖြစ်ကြောင်း ဒေါ်စန်းစန်းမြင့်က ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးဝင်းမြင့်က “တောင်သူလယ်သမားတွေဟာ စီမံကိန်းတွေကြောင့် အသိမ်းခံရတယ်။ ဥပမာပြောရမယ်ဆိုရင် ကျွန်တော့်မြို့နယ်ထဲမှာ စီမံကိန်းတစ်ခု ချပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီလူက အယောင်ပြပဲလုပ်တယ်။ အဲဒီမှာ သိမ်းဆည်းခံရတဲ့သူနဲ့ ပြဿနာတွေ ဖြစ်ခဲ့တာတွေရှိတယ်။ နောက်တစ်ခုကလည်း စီမံကိန်းချထားတယ်။ စီမံကိန်းကို မလုပ်ကိုင်ဘဲ အခြားလူတစ်ယောက်ကို ပေးတယ်ဆိုပြီးတော့ဖြစ်တယ်။ အဲဒီလူကလည်း လာမလုပ်တော့ တောင်သူတွေက ဝင်လုပ်ကြတယ်။ အဲဒီမှာ ကျူးကျော်တယ်ဆိုပြီး ဖြစ်လာတယ်။ ကျူးကျော်ဆိုပြီး ထောင်ကျတာတွေ ရှိခဲ့ပါတယ်။ ကျူးကျော်တယ်ဆိုတာက အခန်း ၁၁ ပုဒ်မ ၃၂ မှာ လယ်ယာမြေ စီမံခန့်ခွဲတဲ့အခါမှာ စီမံကိန်း သတ်မှတ်အကောင်အထည်ဖော်တဲ့လူတွေက သူတို့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းကို မလုပ်လို့ရှိရင် မူလပိုင်ရှင်ကို ပြန်ပေးပေါ့။ အဲဒီမှာ နှစ်ကန့်သတ်ချက်တို့ ဘာတို့မပါဘူး။ မပါတဲ့အတွက် ခြံစည်းရိုးတွေ ခတ်ထားပြီး အလုပ်ကတော့မလုပ်ဘူး။ တစ်နှစ်လာလည်းမလုပ် တစ်နှစ်လာလည်းမလုပ်ဘဲ ချုံနွယ်တွေဖြစ်လာတဲ့အခါမှာ မူလတောင်သူတွေက ဝင်လုပ်တဲ့အခါကျ ပိုင်နက်ကျူးကျော်မှုတွေ ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့တွေက တောင်သူလယ်သမားတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ ဖြစ်ရမှာဖြစ်တဲ့အတွက် ဥပဒေကြမ်းရဲ့ ပုဒ်မ ၃၂ ကို အတိအကျ အဓိပ္ပာယ် ဖော်သင့်ပါတယ်။ စီမံကိန်းကို ခွင့်ပြုလို့ရရှိတဲ့သူက သတ်မှတ်တဲ့ကာလ အတိအကျ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ အတိအကျ ပြဋ္ဌာန်းပြီးတဲ့ အချိန်မှာလည်း သူတို့ ပြောတဲ့လုပ်ငန်းကို မလုပ်ရင် ပြန်လည်သိမ်းယူပြီးတော့ မူလလယ်သမားထံ ပြန်အပ်ရမယ်ဆိုတဲ့ ဖြည့်စွက်ချက်တွေကို နည်းဥပဒေမှာ ဥပဒေမှာ ထည့်သွင်းပေးခြင်းအားဖြင့် တောင်သူလယ်သမားတွေအတွက် အကာအကွယ်ပေးနိုင်မှာပါ။ စီမံကိန်းလုပ်မယ်ဆိုပြီး မလုပ်၊ သတ်မှတ်ကာလအတွင်း မဆောင်ရွက်ဘူးဆိုရင် ပြန်သိမ်းဖို့အတွက် ဆောင်ရွက်ပေးရမှာပါ။ အဲဒီလိုဆိုရင် ကျူးကျော်ကိစ္စတွေ ဖြစ်လာမှာ မဟုတ်တော့ပါဘူး” ဟု ဆွေးနွေးသည်။

လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ပြန်လည်ကြားနာရန် ဥပဒေကြမ်းကော်မတီအား လွှဲအပ်ခဲ့သည်။

Writter: စိုးမင်းထိုက်

Most Read

Most Recent