နိုင်ငံသားစိစစ်ရေးကတ်အတု အိမ်ထောင်စုစာရင်းအတုတို့ဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ ဂီနီနိုင်ငံသားအား ဗဟန်းမြို့နယ်တွင် အမှုဖွင့်

နိုင်ငံသားစိစစ်ရေးကတ်အတု အိမ်ထောင်စုစာရင်းအတုတို့ဖြင့် နိုင်ငံကူးလက်မှတ်ပြုလုပ်သူ ဂီနီနိုင်ငံသားအား ဗဟန်းမြို့နယ်တွင် အမှုဖွင့်
Published 21 October 2017

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်အတု၊ အိမ်ထောင်စုစာရင်းအတုတို့ဖြင့် နိုင်ငံကူး လက်မှတ်လာရောက်ပြုလုပ်သူ ဂီနီနိုင်ငံသားအား ဖမ်းဆီးအမှုဖွင့်ထားပြီဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင် ဗဟန်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး (ရန်ကုန်) သို့ PP No.2082 ကိုင်ဆောင်ထားသူ ဂီနီနိုင်ငံသား Mr. Zheng Zuchao (၃၉ နှစ်) ဆိုသူသည် ကျိုင်းကျူးကျော်အမည်ဖြင့် နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်စဉ် ၎င်းကိုင်ဆောင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့မှာ အတုများဖြစ်နေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းအား ဗဟန်းမြို့မရဲစခန်း မှ (ပ)၄၁၉/၂၀၁၇၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃ (၅)ဖြင့် အမှုဖွင့်ပြီး စစ်ဆေးရာ ၎င်းသည် စက်တင်ဘာ ၂၄ ရက်က လာအိုနိုင်ငံမှ တာချီလိတ်မြို့သို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာခဲ့ပြီး တာချီလိတ် လေဆိပ်မှတစ်ဆင့် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာကာ ယခုကဲ့သို့ နိုင်ငံသား စိစစ်ရေးကတ်အတု၊ အိမ်ထောင်စုစာရင်း အတုတို့ဖြင့် နိုင်ငံကူးလက်မှတ်လာရောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အောက်တိုဘာ ၁၉ ရက်တွင် ဗဟန်းမြို့နယ် ဥပဒေရုံး၏ အကြံပြုချက်အရ ၎င်းအား ဗဟန်းမြို့မရဲစခန်းက (ပ) ၄၅၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent