မဟာမုနိဘုရားကြီး နောက်ကျောတော်မှ ရွှေခွာယူခိုးသူမှာ သုံးကြိမ်မြောက် ကျူးလွန်ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အား သင်ခန်းစာယူ၍ လုံခြုံရေးတင်းကျပ် ဆောင်ရွက်မည်

မဟာမုနိဘုရားကြီး နောက်ကျောတော်မှ ရွှေခွာယူခိုးသူမှာ သုံးကြိမ်မြောက် ကျူးလွန်ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်အား သင်ခန်းစာယူ၍ လုံခြုံရေးတင်းကျပ် ဆောင်ရွက်မည်
Published 21 October 2017

မန္တလေးမဟာမုနိဘုရားရုပ်ပွားတော် နောက်ကျောဘက်မှ ရွှေခွာခိုးယူသူမှာ ဖမ်းမိစစ်ဆေးမှုများအရ သုံးကြိမ်မြောက် ကျူးလွန်ခြင်းဖြစ်ကာ ယင်းဖြစ်စဉ်အား သင်ခန်းစာယူ၍ ထပ်မံဖြစ်ပွားခြင်းမရှိရန်နှင့် လုံခြုံမှုရှိရန်အတွက် လုံခြုံရေးအား လက်ရှိထက် ဖိစီး ဆောင်ရွက်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားသည်။

ဂေါပကအဖွဲ့၏ ပြောကြားချက်အရ ခိုးယူသူအား စစ်ဆေးသောအခါ ကိုယ်တိုင်ဝန်ခံခြင်းဖြစ်ပြီး ယင်းကဲ့သို့ ခိုးယူမှုမျိုးအား အောက်တိုဘာ ၁၆ ရက်တွင် တစ်ကြိမ်၊ အောက်တိုဘာ ၁၈ ရက်တွင် တစ်ကြိမ်နှင့် အောက်တိုဘာ ၁၉ ရက်တွင် တစ်ကြိမ် လာရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သုံးကြိမ်မြောက်မှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်တယ်။ ကနဦး ၁၆ ရက်က ဘာကြောင့်မသိသာလည်းဆိုတော့ ပြင်ညီပေါ်မှာ ခွာယူသွားတဲ့အတွက် သိပ်မသိသာဘူး။ ၁၈ ရက်မှာမှ နောက်ကျောတော်ညာဘက်ခြမ်းမှာ စောင်းပေါ်မှာ ခွာယူခဲ့တဲ့အတွက် လှိုင်းတွေကျန်ပြီး ဂေါပကအဖွဲ့က သိရှိခဲ့တာပါ။ အဲဒီအချိန်မှာ အရေးယူဖို့ ဆောင်ရွက်နေတုန်းမှာ ၁၉ ရက်မှာ နောက်တစ်ကြိမ် ပြန်လာခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့တာပါ။ ခိုးယူသူကိုတော့ သက်သေခံပစ္စည်းတွေနဲ့တကွ နယ်မြေပိုင် အမှတ် ၁၀ ရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်။ လုံခြုံရေးအရတော့ ဘုရားကြီးမှာ နဂိုကတည်းက ဝန်ထမ်းတွေလည်း ချထားဆောင်ရွက်တာ ရှိသလို စီစီတီဗွီတွေကိုလည်း အဓိကကျတဲ့ နေရာတွေမှာတပ်ပြီး စောင့်ကြည့်မှုတွေ ရှိပါတယ်။ အခုနောက်ကျောတော်မှာ ဖြစ်သွားတဲ့အတွက် အဲဒီနေရာတွေကိုတော့ အရှေ့ပိုင်းထက်ပိုဂရုစိုက်ပြီး စောင့်ကြည့်မှုတွေ လုပ်သွားမယ်” ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမှုများအရ အရင်ရက်တွင် ခိုးယူခဲ့သည့်ရွှေအား အရည်ကျိုကာ မန္တလေးမန်းမြို့ဈေးတွင် ရောင်းချခဲ့ပြီး ကျပ် ၁၇၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ ၁၉ ရက်တွင်မူ ခိုးယူရန် ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent