အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးရန် အစိုးရအား တိုက်တွန်းကြောင်းအဆို ပြည်သူ့လွှတ်တော်၌ တင်သွင်း

Published 31 July 2017

နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သော ဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတစ်ရပ်ကို ဇူလိုင် ၃၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။

၎င်းအဆိုကို တွံတေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုရှင်က အစိုးရ အဆက်ဆက် တာဝန်ရှိသူများက ကျေးရွာများတွင် စာကြည့်တိုက်များပေါ်ရန် ရည်ရွယ်ကာ အမျိုးမျိုး ကြိုးစားခဲ့ကြောင်း သို့သော် လက်တွေ့၌ မအောင်မြင်ခဲ့ကြောင်း ဆွေးနွေး ပြောကြားသည်။

“၂၀၁၄ ခုနှစ်မှာ Asia Foundation အဖွဲ့က မြန်မာနိုင်ငံ စာကြည့်တိုက်များနဲ့ ပတ်သက်ပြီး comprehensive Study တစ်ခု လုပ်ပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ စာကြည့်တိုက်က အားလုံး ၅၅၇၅၅ ခုရှိပါတယ်တဲ့ သို့သော် active ဖြစ်တဲ့ လှုပ်ရှားတက်ကြွနေတဲ့ စာကြည့်တိုက် အရေအတွက်ကတော့ ၄၅၆၈ ပဲ ရှိပါတယ်။ ဒါတွေက စာကြည့်တိုက်က ပြည်သူလူထုကို တကယ်အကျိုးပြုမပြုဆိုတာကို ဒီအချက်အလက်တွေက ဖော်ပြနေပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။

တစ်ပြည်လုံးမှာရှိသည့် စာကြည့်တိုက်များသည် ဖျားနာနေကြောင်း၊ ထို့ကြောင့် ကုသရန်လိုကြောင်း၊ အမေရိကန်သမ္မတဟောင်း လင်ကွန်းသည် စာအုပ်တစ်အုပ်ဖတ်ရန်အတွက် မိုင် ၂၀ ခန့်လျှောက်၍ လာခဲ့ရကြောင်း၊ သမ္မတတစ်ယောက်ကို မွေးထုတ်နိုင်တာသည်လည်း စာကြည့်တိုက်ဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံ၏ ဖျားနာနေသည့် စာကြည့်တိုက်များကို ကုသရန်အတွက် ပြည်သူလူထုနှင့် အစိုးရက ပူးပေါင်း၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ဖွဲ့စည်းရန်လိုကြောင်း၊ အစိုးရတစ်ခုတည်းဖြင့် လုပ်၍မရကြောင်း၊ အားလုံးပူးပေါင်းပြီး ဆောင်ရွက်ရန်လိုကြောင်း အဆို ရှင်ဦးမြင့်လွင်က ဆက်လက်ပြောကြားသည်။

ထို့နောက် အဆိုကို မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ထောက်ခံခဲ့ပြီး ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားသည်။

Writter: ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

Most Read

Most Recent