ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ညတာဝန်ကျ မန်နေဂျာအား ပုဒ်မသုံးခုဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ရုပ်ပျက်နေသည့်အလောင်းမှာ ပျောက်ဆုံးနေသော ထိုင်းနိုင်ငံသူ ဟုတ် မဟုတ် စိစစ်နေ

မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အား တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် ညတာဝန်ကျ မန်နေဂျာအား လူသေမှု၊ ပြင်းထန်နာကျင်မှု၊ မီးလောင်မှု ပုဒ်မသုံးခုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၂၀ ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့ပြင် မီးလောင်မှုမှ ဒုတိယအကြိမ်တွေ့ရှိသော ရုပ်ပျက်နေသည့်အလောင်းမှာ ဟိုတယ်တွင် တည်းခိုပြီး ပျောက်ဆုံးနေသော ထိုင်နိုင်ငံသူ ဟုတ် မဟုတ် စိစစ်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၃ နာရီ ၂၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုနှင့် ပက်သက်၍ ဟိုတယ်တွင် ညတာဝန်ကျ မန်နေဂျာ ကိုသီဟ၊ (၄၁)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ) ဦးစိုးရင်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတွင် (ပ) ၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (လူသေမှု/ပြင်းထန်နာကျင်မှု/မီးလောင်မှု)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှု တန်ဖိုး (စိစစ်ဆဲ) ဖြစ်ကြောင်း သိရှိရပါသည်။

Photo: Ministry of Home Affairs, Myanmar

အဆိုပါ မီးလောင်မှုတွင် ဟိုတယ်၏ (၅) လွှာ၌ မီးလောင်သေဆုံးနေသော ဂျပန်နိုင်ငံသား Mr.Masatumi Tomita၊ (၅၃) နှစ်ကို နံနက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး (ပတ်စ်ပို့နံပါတ် TR-4138084) ဖြစ်ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားပြီးနောက် ဟိုတယ်မှ ဝန်ထမ်းများသည် မီးလောင်ထားသည့် ပစ္စည်းများအား ရှင်းလင်းစဉ် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဟိုတယ်၏ (၅)လွှာ အနောက်ဘက် ဝရံတာမှ လူရုပ်မပီပြင်တော့သည့် လူသေအလောင်း တစ်လောင်း ထပ်မံတွေ့ရှိခဲ့ပြီး ဟိုတယ် (၅)လွှာရှိ အခန်းအမှတ် (၅၂၇) တွင် ဗြိတိန်နိုင်ငံသား Mr.John Travs နှင့်ဇနီး ထိုင်းနိုင်ငံသူ Mrs.Hansa Khomsai တို့ တည်းခိုခဲ့ရာ Mr.John Travs နှင့် နိုင်ငံခြားသားများအား ပြန်လည်စိစစ်ချက်အရ Mrs.Hansa Khomsai မှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသဖြင့် မီးလောင်သေဆုံးနေသည့် အလောင်းမှာ Mrs.Hansa Khomsai ဟုတ်/မဟုတ် စိစစ် အတည်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်စွာလင်းသည် မီးငြှိမ်းသတ်နေစဉ် ဦးခေါင်းပေါ်သို့ သစ်သားတန်း ပြုတ်ကျခဲ့၍ သတိမေ့သွားကာ ဦးနှောက်အမြှေးအောက် သွေးခဲ၊ ဦးနှောက်အသားထဲ သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာများ ရရှိခဲ့သဖြင့် ခွဲစိတ်ထားပြီး လက်ရှိအခြေအနေအရ မျက်စိဖွင့် မရ၊ လေပြွန်ဖောက်ထား၊ ခြေ/လက် အနည်းငယ်လှုပ်နိုင်ကာ စိုးရိမ်ရသဖြင့် ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြပ်မတ်ကုသခန်း၌ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးလောင်မှုဖြစ်ပွားစဉ် ဟိုတယ် (၄) လွှာလှေခါးမှ (၃) လွှာသို့ ခုန်ချခဲ့သော မကာအိုနိုင်ငံသူသည် ခါးနာကျင်၊ ယာပါးပွန်း ဒဏ်ရာများ ရရှိခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူ ရာမှတစ်ဆင့် ကမာရွတ်မြို့နယ် Grand Hantha International ဆေးရုံသို့ လွှဲပြောင်းကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။