ပေါက်ဈေးထက် အဆမတန်နည်းပါးသော ဈေးများဖြင့် ရယူထားပြီး လုပ်ငန်းလုပ်ရန် ရည်ရွယ်ခြင်းမရှိဘဲ မြေဈေးကစားရန် စောင့်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို ပြန်သိမ်းရန် အစိုးရအားတိုက်တွန်းကြောင်းအဆို လွှတ်တော်ကိုယ်စားလှယ်ကိုးဦး ဆွေးနွေး

ပေါက်ဈေးထက် အဆမတန်နည်းပါးသော ဈေးများဖြင့် ရယူထားပြီး လုပ်ငန်းလုပ်ရန် ရည်ရွယ်ခြင်းမရှိဘဲ မြေဈေးကစားရန် စောင့်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို ပြန်သိမ်းရန် အစိုးရအားတိုက်တွန်းကြောင်းအဆို လွှတ်တော်ကိုယ်စားလှယ်ကိုးဦး ဆွေးနွေး
Published 20 October 2017

ပေါက်ဈေးထက် အဆမတန် နည်းပါးသောဈေးများဖြင့် ရယူထားပြီး လုပ်ငန်းလုပ် ရန်ရည်ရွယ်ခြင်းမရှိဘဲ မြေဈေးကစားရန် စောင့်နေသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များကို ပြန်သိမ်းရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက အောက်တိုဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ဆွေးနွေးခဲ့ကြသည်။

“အဆိုရှင် တင်ပြခဲ့တဲ့အတိုင်း နိုင်ငံပိုင် အဆောက်အအုံများနဲ့ မြေကွက်များကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူထားပြီးတော့ အဆောက်အအုံအလွတ်တွေ၊ မြေကွက်အလွတ်တွေ အဖြစ်နဲ့ မြင်တွေ့နေရပါတယ်။ ဒီလို ရယူထားသူများဟာ ရယူစဉ်က ဈေးကွက်ပေါက်ဈေးထက် အဆမတန်နည်းတဲ့ ဈေးနဲ့ရယူခဲ့သလိုပဲ။ လုပ်ငန်းလုပ်ဆောင်ဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူများကို ငှားစားဖို့အတွက် မြေဈေးကစားဖို့ အတွက် စောင့်စားနေသူများ ဖြစ်ပါတယ်။ စောင့်စားနေတာကို ဖုံးကွယ်ဖို့အတွက် တချို့တွေက သူတို့ရယူထားတဲ့ မြေပေါ်မှာ စီမံကိန်းကြီးတစ်ခု လုပ်ဆောင်နေသယောင် အချိန်ဆွဲပြီး ဖော်ဆောင်နေမှုများရှိတဲ့အတွက် ပြောင်းလဲတိုးတက်မှု သိသာစွာ မမြင်ရတဲ့ ဟန်ပြစီမံကိန်းများကို ဆောင်ရွက်နေတာကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာမြင်ရပြီးတော့ ပြည်သူများကလည်း ဒါကို ဝေဖန်ထောက်ပြမှုတွေ ရှိပါတယ်” ဟု ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်ကိုးဦးက ထောက်ခံကြောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

“ကျောက်တန်းမြို့နယ်ရှိ လယ်ယာမြေများ၊ စက်မှုဇုန် လယ်ယာမြေများကို စက်မှုဇုန် အကောင်အထည်ဖော်ရန်အတွက် လွန်ခဲ့တဲ့ နှစ်၂၀ ခန့်ကတည်း သိမ်းယူထားပေမယ့် သီလဝါစက်မှုဇုန်၊ ပြည်တွင်းစက်မှု ဇုန်ဧရိယာမှ လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှုက စက်ရုံခြောက်ရုံသာရှိပြီး ကျန်မြေများကို အကောင်အထည်ဖော်ဆောင် နိုင်ခြင်းမရှိပါသဖြင့် ဥပဒေနှင့် အညီ ပြန်လည်စိစစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် စီစဉ်ဆောင်ရွက်သင့်ပါတယ်” ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးမှုကို အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပဉ္စမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“အမှတ် ၂၀ နဲ့ ၅၅ ရပ်ကွက်ကြားမှာ ရှိသလို မီးရထားကွင်းလည်း ဖြစ်သလို အဲဒီက အကျယ်က ဧရာဝဏ်လမ်းထိပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဆိုင်းဘုတ်ဟာ ချုံနွယ်ပိတ်ပေါင်းတောင် ဖုံးလွှမ်းသွားပါပြီ။ ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ကုန်တင်ယာဉ်များ၊ ယာဉ်များ ရပ်နားဖို့အတွက် ထားရှိထားတဲ့ ဧရိယာဖြစ်ပါတယ်။ အမှတ် ၂၀ နဲ့ ၅၅ မှာ ရှိတဲ့ မဟာဓာတ်အားလိုင်းရှိတဲ့ဟာ ဖြစ်ပါတယ်။ အခုတော့ ခြံစည်းရိုးခတ်ပြီးတော့ တစ်ဦးတစ်ယောက်က ဝယ်ယူထားတာ ဖြစ်ပါတယ်။ မဟာဓာတ်အားလိုင်းရဲ့ ဘေးနားမှာ ခြံစည်းရိုးအကြီးခတ်ပြီး ကစားကွင်းပါ ဆောင်ရွက်ထားပါတယ်။ ဒါကြောင့် တောင်ဒဂုံမြို့နယ် အမှတ် ၂၀ နဲ့ ၅၅ ရပ်ကွက်ကြားမှာရှိတဲ့ မဟာဓာတ်အား လိုင်းအောက်မှာရှိတဲ့ မီးရထားပိုင်မြေကွက်လပ်ကြီးအား နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးရှိမည့် ကိစ္စရပ်များ  စည်မျဉ်းစည်းကမ်းဥပဒေနှင့်အညီ ပြန်လည်စိစစ်သင့်ပါကြောင်းနှင့် ၎င်းနှင့်နည်းတူ အမှတ် ၁၉ ရပ်ကွက်၊ လှော်ကား လမ်းမပေါ်မှာရှိနေတဲ့  မြို့နယ်မြေပုံပါ လမ်းအတိုင်း၊ လမ်းမြေကြီးအားလည်း မြေကွက်ရိုက်ထားပြီး ရောင်ချထားခြင်းအပေါ် ပြည်သူလူထု ထပ်မံအသုံးပြုနိုင်ရန်အတွက် လမ်းမြေအဖြစ် ပြန်လည်စိစစ်သင့်ပါကြောင်း ဆွေးနွေးအပ်ပါတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အအုံနှင့် မြေကွက်များအား နည်းလမ်းအမျိုးမျိုးဖြင့် ရယူထားကြပြီး ယနေ့အထိ လုပ်ငန်းလုပ်ကိုင်အကောင် အထည်ဖော်ဆောင်ခြင်းမရှိသော စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များအား နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းဆည်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို မင်္ဂလာတောင်ညွန့်မြို့နယ်မဲဆန္ဒနယ်၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“လှိုင်မြို့နယ်မှာ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေ အင်မတန်ပေါများတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။အမျိုးစုံလှတဲ့ စက်ရုံတွေ ရှိခဲ့ပါတယ်။ ဆပ်ပြာစက်ရုံ၊ ထီးစက်ရုံ၊ ဂုန်နီစက်ရုံ၊ ကြွေရည်သုတ်စက်ရုံ၊ ဒန်အိုးစက်ရုံ၊ ဘီစကွပ်စက်ရုံ၊ ခေါက်ဆွဲစက်ရုံ၊ ရော်ဘာစက်ရုံအစရှိတဲ့ မျိုးစုံစက်ရုံတွေရှိတဲ့မြို့နယ် ဖြစ်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ တချို့စက်ရုံတွေဟာ နှစ်ရှည်အငှားချထားခြင်းခံရခြင်း၊ တချို့စက်ရုံတွေကတော့ အပြီးရောင်းချခံရခြင်း ဖြစ်ကုန်ကြပါပြီ။ နှစ်ရှည်ငှားရမ်းစဉ်၊ ရောင်းချစဉ်က နှစ်ဦးနှစ်ဖက် ကတိကဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရောင်းဝယ်ငှားရမ်းခဲ့ပေမယ့်  စည်း မျဉ်းစည်းကမ်းအတိုင်း မဆောင်ရွက် မလုပ်ကိုင်ခဲ့တဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေလည်း ရှိတောမို့  ညှိနှိုင်းထိန်းသိမ်းဖို့ လိုနေပါတယ်”ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက ပြောကြားသည်။

Most Read

Most Recent