ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရ

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တစ်ခုအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရ
Published 20 October 2017

ပဋိပက္ခဖြစ်ပွားခဲ့သော ၁၁၁ ကုမ္ပဏီ၏ လုပ်ကွက်အား အောက်တိုဘာလဆန်းက တွေ့ရစဉ်

ဖားကန့်ဒေသရှိ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်တစ်ခုအတွင်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများ ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ငါးဦး ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းက “ကျွန်တော်တို့ အဖွဲ့တွေကတော့ သွားနေကြတယ်။ ကြားရတဲ့အနေအထားက သူသေကိုယ်သေ ပုံစုံမျိုးအထိကို ဖြစ်သွားတဲ့ ပုံစံဖြစ်ပါတယ်။ ရဲဘက်ကလည်း သူ့ကိုယ်သူ ကာကွယ်တဲ့ ပုံစံရောက်နေတယ်။ ရေမဆေးသမားတွေက စိန်တူနဲ့ တပ်ရင်းမှူးကို ဆော်လိုက်တော့ လက်အောက်ငယ်သားတွေက ထလုပ်သလိုဖြစ်နေတယ်။ သေမှုသေခင်းက ဥပဒေအတိုင်း ဖွင့်ကြပါလိမ့်မယ်။ အမှားအမှန်က ပြောရခက်တယ်” ဟု ပြောကြားသည်။

ရဲတပ်ဖွဲ့၏ ကြေနန်းစာအရ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန်ကျေးရွာအနီးရှိ တစ်သုံးလုံးကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း အောက်တိုဘာ ၁၈ ရက် ည ၉ နာရီခွဲခန့်တွင် လုပ်ကွက်လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ရင်း အမှတ်(၁၄)မှ ရဲတပ်ဖွဲ့ဝင်အင်အား ၁၅ ဦးက လုပ်ကွက်အတွင်း ရေမဆေးကျောက် ဝင်ရောက်ရှာရန် လာရောက်သည့် လူအင်အား ၅၀ ခန့်အား တားဆီးခဲ့ကြောင်း၊ ည ၁၀ နာရီခွဲခန့်တွင် ရေမဆေးသမားများက အင်အား ၆၀၀ ခန့် စုစည်းကာ တစ်သုံးလုံး ကုမ္ပဏီအတွင်းသို့ အတင်းဝင်ရောက်ရာ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ကြောင်း၊ ရေမဆေးကျောက်ရှာဖွေသူများက ခဲများဖြင့် ရဲများနှင့်ကုမ္ပဏီကားများသို့ ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကုမ္ပဏီမြေသယ်ယာဉ်တစ်စီးအား မီးရှို့ခဲ့ပြီး ဒုရဲအုပ်ချစ်ကိုအား ရေမဆေးရှာဖွေသူများက ဓားဖြင့် ဝင်ခုတ်ရာ ၎င်းကိုင်ဆောင်သည့် ဘီအေ ၆၃ မောင်းပြန်သေနတ်ဖြင့် ကာရာသေနတ်ပြောင်းကွဲသွားခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ခြောက်လှန်ပစ်ခတ်ခဲ့ရာ ရေမဆေးသမား ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်ပစ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ငါးဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အခင်းဖြစ်စဉ်မှ ရေမဆေးကျောက်ရှာဖွေသူများ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘက်ဟိုးယာဉ်တစ်စီးနှင့် မြေသယ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း လုံးခင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အခင်းဖြစ်စဉ်မှ ပြင်းထန်စွာထိခိုက် ဒဏ်ရာရရှိထားသည့် ရေမဆေးကျောက် ရှာဖွေသူကိုးဦးအား လုံးခင်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်တို ဘာ ၁၉ ရက် နံနက် ၆ နာရီခွဲတွင် ပို့ဆောင်ခဲ့ကြောင်း၊ ၁၁ ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိသဖြင့် လုံးခင်း ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့မှ သေဆုံးသူစာရင်းအားငါးဦးသာ ကနဦး အတည်ပြုထားသော်လည်း ယခုထက်ပိုမို၍ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ လုံးခင်းကျေးရွာအုပ်စုနေ ဒေသခံဦးမောင်ချိုကလည်း “ပွင်းလင်းမြင်သာမှုမရှိတာကို ပြောချင်တာပါ။ ဖြစ်ပြီဆိုလို့ရှိရင် ဒီကသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လုပ်စရာရှိတာလုပ်ရမှာကို။ ခုကမနက်မိုးလင်းမှ အလောင်းကောက်တယ်။ ဒါဘယ်လိုလုပ် မှန်ကန်မှာလဲ။ ဒါကြောင့်မို့ နီးစပ်ရာ နီးစပ်ရာမှာ အိမ်မပြန်လာတဲ့သူ ဘယ်သူဆိုတာသက်ဆိုင်ရာ ရာအိမ်မှူးကို သတင်းပို့ထားဖို့လိုတယ်။ တချို့ကလည်း ဆွေမရှိမျိုးမရှိနဲ့ ကိုယ့်စရိတ်ကိုယ်စားပြီး ရှာတဲ့သူတွေရှိတယ်” ဟုဆိုသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဒုရဲမှူးကြီး မျိုးသူရနောင်က “သေဆုံးတာငါးဦး၊ မြစ်ကြီးနားဆေးရုံရောက်တာ ၁၁ ဦး ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်ငါးဦးမှာ တစ်ဦးက ရဲမှူးဖြစ်ပြီး တစ်ဦးက အရာရှိဖြစ်ပါတယ်။ သုံးဦးက တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီအရေးကိုနှစ်ပိုင်းခွဲပြီး ကိုင်တွယ်မှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေးတာပါ။ နောက်တစ်ခုနောက်ထပ် မဖြစ်အောင် ဖားကန့်ဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကချင်ပြည်နယ် နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။ တပ်မတော်နှင့် ပတ်သက်ပြီးတော့ နယ်မြေ ၂ အဖြစ် သတ်မှတ်တဲ့နေရာတွေက ပူးပေါင်း ဆောင်ရွက်တာပဲ ရှိပါတယ်” ဟု ပြောကြားသည်။

Most Read

Most Recent