ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောခရိုင်အတွင်းရှိ ကျောင်းအားလုံးပိတ်ထားခဲ့ရာမှ စာသင်ကျောင်းပေါင်း ၄၃ ကျောင်း ပြန်လည်ဖွင့်လှစ်

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောခရိုင်အတွင်းရှိ ကျောင်းအားလုံးပိတ်ထားခဲ့ရာမှ စာသင်ကျောင်းပေါင်း ၄၃ ကျောင်း ပြန်လည်ဖွင့်လှစ်
Published 20 October 2017

မောင်တောခရိုင်အတွင်းရှိ ကျောင်းများ ပြန်လည်ဖွင့်လှစ်သဖြင့် ကျောင်းတက်ရန် လာရောက်ကြသည့် ကျောင်းသားကျောင်းသူအချို့အား တွေ့ရစဉ်

အကြမ်းဖက်မှုဖြစ်ပွားရာဒေသဖြစ်သည့် မောင်တောခရိုင်အတွင်းရှိ ကျောင်းများအားလုံး ပိတ်ထားခဲ့ရာမှ စာသင်ကျောင်းပေါင်း ၄၃ ကျောင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

လက်ရှိတွင် မောင်တောမြို့နယ်တွင် သုံးမိုင် ပရဟိတကျောင်းနှင့် နံ့သာတောင် ပရဟိတကျောင်း အပါအဝင် ကျောင်းပေါင်း ၂၃ ကျောင်း၊ ဘူးသီးတောင် မြို့နယ်တွင် မြို့ပေါ်နှင့် လုံခြုံရေးစိတ်ချရသော ကျောင်း ၂၀ တစ် ခရိုင်လုံး စုစုပေါင်းကျောင်း ၄၃ ကျောင်း ဖွင့်လှစ်ထားကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း ARSA ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် စာသင်ကျောင်းအားလုံး ပိတ်ထားခဲ့ရာမှ ပထမအဆင့်အနေဖြင့် မောင်တောမြို့နယ်တွင် ၄၅ ကျောင်းနှင့် ဘူးသီးတောင် မြို့နယ်တွင် ၇၅ ကျောင်းအထိ ဖွင့်လှစ်ရန် စီမံချက်ထားကြောင်း ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က ပြောကြားသည်။

ပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်နှင့် လုံခြုံရေးစိတ်ချရသည့် ကျေးရွာများမှ စာသင်ကျောင်း ရှစ်ကျောင်းကို စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိဖွင့်လှစ်ထားသည့် စာသင်ကျောင်း ၂၃ ကျောင်းတွင် မြို့နယ်အဆင့် ဘက်စုံစာမေးပွဲကို အောက်တိုဘာ ၁၆ ရက်မှ စတင်စစ်ဆေးနေပြီး ကျောင်းသားကျောင်းသူ ၁၂၀၀ ကျော် ဖြေဆိုနေကြကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးပြီးဖြစ်သော်လည်း မောင်တောဒေသတွင် စစ်ဆေးနိုင်ခြင်းမရှိခဲ့ဘဲ ဘက်စုံစာမေးပွဲကို မြို့ပေါ်ကျောင်းများနှင့် လုံခြုံရေးရှိသည့်ကျောင်းများ၌သာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် မြို့ပေါ်ကျောင်းများ အပါအဝင် မြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်၊ ဆင်သေပြင်၊ အောင်ဇေယျကျောင်းများနှင့် မြို့နယ်တောင်ပိုင်း အင်းဒင်၊ သရေကုန်းဘောင်၊ မောရဝတီ၊ ကျောက်ပန္ဒ စသည့် ကျေးရွာကျောင်းတို့ ဖွင့်လှစ်ခဲ့သည်။

တောင်ပြိုနယ်စပ်ရှိ ဘင်္ဂါလီများက ဖြိုဖျက်ခဲ့သည့် နံ့သာတောင်ပရဟိတကျောင်းမှ ကလေးငယ်များသည် လက်ရှိတွင် မောင်တောမြို့ပေါ် မြို့မဘုန်းကြီးကျောင်းတွင် အခြေချပြီး စက်တင်ဘာ ၁၄ ရက်မှ စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေရပ်စွန့်ခွာသွားသည့် ဒေသခံများ နေရပ်ပြန်နေကြပြီဖြစ်သည့်အတွက် မြို့ပေါ်စာသင်ကျောင်းတချို့တွင် ကျောင်းတက် ကျောင်းသူကျောင်းသားဦးရေ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်အတွင်း စာသင်ကျောင်း အားလုံး ပိတ်ထားခဲ့ရပြီး ဆရာ၊ ဆရာမများမှာလည်း အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်၍ တာဝန်ကျရာဒေသမှ ရွှေ့ပြောင်းမှုများ ရှိခဲ့ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ပညာရေးမှူးရုံးမှ သင်ကြားရေး ဆရာ၊ ဆရာမများအား စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ မိမိတို့တာဝန်ကျရာ ဒေသများတွင် သွားရောက်တာဝန် ထမ်းဆောင်ကြရန် အသိပေးချက် ထုတ်ပြန်ထားပြီးဖြစ်ရာ ဆရာ၊ ဆရာမ စုံသလောက် ရောက်ရှိနေပြီဟု သိရသည်။

မောင်တောမြို့နယ်အတွင်း ကျောင်းပေါင်း ၁၈၃ ကျောင်းရှိပြီး တာဝန်ထမ်းဆောင်နေသည့် သင်ကြားရေး ဆရာ၊ ဆရာမဦးရေ ၁၄၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

မောင်တောခရိုင်အတွင်း မူလတန်းမှ အထက်တန်းအထိ ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာကျောင်း ၂၁၉ ကျောင်းနှင့် မောင်တောမြို့နယ်တွင် စာသင်ကျောင်း ၁၈၃ ကျောင်းရှိကြောင်း သိရသည်။

Most Read

Most Recent