NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တောင်ကြီးမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်

NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တောင်ကြီးမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်
Published 20 October 2017

RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ် (Photo - www.taifreedom.com)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် ရေးထိုးထားသည့်      ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် အောက်တိုဘာ ၁၈ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု ခန်းမ၌ လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ဆုံပွဲနှင့် ပတ်သက်၍ RCSS ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

RCSS ပိုင် Tai Freedom သတင်းဌာနတွင် ယင်းတွေ့ဆုံပွဲသတင်းအား ဖော်ပြထားရာတွင် RCSS ဥက္ကဋ္ဌက ရှမ်းပြည်တိုးတက်ရေးအတွက် အခြားသူမှ လုပ်ဆောင်ပေးခြင်းကို စောင့်မျှော်မနေဘဲ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် တိုးတက်အောင် ကူညီသင့်ကြောင်းနှင့် RCSS/SSA သည် ရှမ်းပြည်သူ လူထုအတွက် ပေါင်းကူးရေးတံတားသဖွယ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟု ပြောကြားကြောင်း ဖော်ပြထားသည်။

ထို့ပြင် NCA ရေးထိုးခြင်းမရှိသေးသည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) နှင့်လည်း အဆက်အသွယ်ပြတ်ခြင်း လုံးဝမရှိကြောင်း၊ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် ရှမ်းလူမှုအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ကို ပြည်သူလူထုအနေဖြင့် အားပေးထောက်ခံရန်နှင့် NCA စာချုပ်တွင်ပါဝင်သော နှစ်ဖက်တပ်များ လိုက်နာဆောင်ရွက်ရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) တို့ လေ့လာကြရန် ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းပြောကြားခဲ့ကြောင်း Tai Freedom သတင်းတွင် ရေးသားထားသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ တောင်ကြီး၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်လုံ၊ မိုင်းပန်၊ လဲချားမြို့တို့မှ ပြည်သူစုစုပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် NCA နှစ်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် တောင်ကြီးမြို့တွင် လူထုနှင့်တွေ့ဆုံခြင်း ဖြစ်သည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့အနက် RCSS သည် တပ်မတော်နှင့် တိုက်ပွဲအကြိမ် ၂၀ ကျော်အထိ ဖြစ်ပွားထားပြီး လက်ရှိအချိန်အထိ တပ်မတော်ထောက်ခံမှုဖြင့် အစိုးရဘက်မှခွင့်ပြုသည့် နေရာအငြင်းပွားမှုကြောင့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း) ကိုလည်း ကျင်းပနိုင်ခြင်း မရှိသေးပေ။

Most Read

Most Recent