သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူမည်

သထုံမြို့နယ် အလံတစ်ရာနယ်မြေတွင် ဘာသာရေးအကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူမည်
Published 19 October 2017

ကျား/ မ ရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေး၌ ဒေါ်ခိုင်ခိုင်လဲ့ အမှာစကား ပြောကြားနေစဉ်

မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာ နယ်မြေတွင် ဘာသာရေးကို အကြောင်းပြ၍ ပန်းဦးလွှတ်မှု ပြုလုပ်နေသည်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ညှိနှိုင်းလုပ်ဆောင်ရာ အခက်အခဲများကြုံတွေ့၍ ယင်းကိစ္စ အောင်မြင်စွာဆောင်ရွက်နိုင်ရေးတွက် အဖွဲ့စည်းပေါင်းစုံမှ ဝိုင်းဝန်းကူညီကြပါရန် ဒေါ်ခိုင်ခိုင်လဲ့ သထုံမြို့နယ်အမှတ်-၁ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၁၇ ရက်၌ မော်လမြိုင်မြို့ငွေမိုးဟိုတယ်တွင် ကျင်းပသော ကျား/ မ ရေးရာ အခြေပြု အကြမ်းဖက်မှု သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှုအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

“ကျွန်မမဲဆန္ဒနယ်မှာဆို မိန်းကလေးတွေ ကျောင်းမနေရပါဘူး။ အမျိုးသမီးတွေ လေးတန်းနဲ့ကျောင်းထွက်တဲ့သူတွေ တစ်ပုံကြီးပါပဲ။ အလွန်ဆုံးနေရရှစ်တန်းပဲ၊ သထုံဆိုတဲ့နေရာက မြို့လို့သာပြောတယ်။ စာသင်ကြားကြတဲ့အခါ အမျိုးသမီးအရမ်း နည်းပါတယ်။ တိုင်းရင်းသားကရင်။ ပအိုဝ်းရွာတွေ များပါတယ်၊ ခုနက ဒေါ်စံဝင့်ခိုင်ပြောတာ ကျွန်မမဲဆန္ဒနယ်မှာ ဖြစ်ခဲ့တာပါ။ ဆရာမကြီးပြောသွားတာ သေးသေးလေးပါ။ ဒါပေမဲ့ တကယ့်ကိုဖြစ်နေတာ big issue အကြီးကြီး ဖြစ်နေတယ်။ အလံတစ်ရာနယ်မြေမှာ ဘာသာရေးကို အခြေခံပြီးတော့ ၁၄-၁၅ နှစ် သမီးလေးတွေကိုပဲ ပန်းဦးလွှတ်တဲ့ကိစ္စ ဖြစ်နေပါတယ်။ ရှင်းရှင်းပြောရလို့ရှိရင် တိုင်တဲ့သူ မရှိဘူးလားဆိုတော့ မရှိဘူး။ တိုင်ဖို့ကိုယ်ကိုယ်တိုင် ဆင်းပြီးပြောတဲ့သူကို သူတို့က ရန်သူလို့ သတ်မှတ်တဲ့ အနေအထားမျိုး ရှိနေတယ်။ မိဘတွေ ကိုယ်၌ကိုယ်က ဘာသာရေးကို အကြောင်းပြပြီး သူတို့သမီးကို သိဒ္ဓိတင်တယ်လို့ အတွေးဝင်နေတာပါ။ အရှင်းဆုံးပြောရရင် မိန်းကလေးက ဆယ်နဲ့ချီ ရာနဲ့ချီဖြစ်နေတဲ့ အနေအထားမျိုး ရှိပါတယ်ဆိုတာ အလံတစ်ရာမှာ ဖြစ်နေတာဆိုတာ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီနားမှာထိုင်နေတဲ့ အရင်ငါးနှစ်က လူမှုရေးဝန်ကြီး ဆရာသိမှာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ငါးနှစ်သက်တမ်းမှာလည်း ဖြစ်ခဲ့တာပါ။ အစိုးရဌာနဆိုင်ရာတွေက ကိုင်တွယ်ဖို့နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ အခု ကျွန်မနဲ့ဒေါ်စံဝင့်ခိုင် (ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး) ဒီကိစ္စ ကြိုးစားနေပါတယ်။ မိန်းကလေးတွေကိုလည်း စည်းရုံးနေပါတယ်။ ၁၄-၁၅-၁၆ နှစ်ကလေးတွေပါ။ အစ်မကိုယူပြီး ညီမကို ယူပါတယ်။ ဒီရွာမှာပဲ လမ်းလေးခွဆုံမှာ မင်္ဂလာဆောင်ပါတယ်။ ဆက်တိုက်ကို ယူပါတယ်။ သုံးယောက်ရှိရင် သုံးယောက်လုံးယူပါတယ်၊ ဒီဖြစ်စဉ်ဟာ သထုံမြို့မှာ ဖြစ်နေလားလို့ မေးရင် ဖြစ်နေပါတယ်။ ဒါကလူမသိပါဘူး။ လူသိဖို့အင်မတန်မှ အခြေအနေနည်းတဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်မတို့က အခုတော့ ပထမဆုံးအနေနဲ့ တရားဥပဒေအရ  အရေးယူဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်လို့ ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကိုယ်က ပါနေတယ်။ သူကိုယ်တိုင်က Cover လုပ်နေတဲ့ အနေအထား ရှိနေတယ်။ တချို့သတင်းထောက်တွေ သိပါတယ်။ သတင်းထောက်တွေ သတင်းသွားယူတဲ့သူတွေ ရှိပါတယ်။ ဝင်လို့မရတဲ့အနေအထားမျိုးလည်း ရှိပါတယ်။ သတင်းယူဖို့ အခက်အခဲတွေအများကြီး ရှိပါတယ်။ အဲဒီလူရဲ့ နာမည်ကတော့ သူတို့ကတော့ ခွန်တန်လို့ခေါ်တာပေါ့။ အသက်က ၂၅ နှစ်ပဲ ရှိပါသေးတယ်။ အလံတစ်ရာ ဆရာတော်ဘုရား ဝင်စားတာပါဆိုတာတစ်ခုတည်းနဲ့ အဲဒီမှာ ဆက်တိုက် အမျိုးသမီးလေးတွေကိုဖြစ်တာ မိဘတွေကိုယ်တိုင်က ပန်းဦးလွှတ်တာပေါ့။ အပျိုဖြစ်တာနဲ့ ပန်းဦးလွှတ်တဲ့ အလေ့အကျင့် သထုံမှာ မွန်ပြည်နယ်ထဲမှာ ဖြစ်နေပါတယ်။ ဒီနေရာ ဒါမျိုးတွေရှိနေတယ်ဆိုတာ အသိပေးတာပါ။ ဒါမှလည်း ဒီမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ဘယ်လိုမျိုး ပူးပေါင်းပြီးအဖြေရှာရမလဲ။ ဆောင်ရွက်ရမလဲဆိုတာ သဘောဆိုတာမျိုး ဒီဘက်က နေပြန်ကြားချင်ပါတယ်။ ဝန်ကြီးနဲ့ ကျွန်မလုပ်ရတာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ရပါတယ်။ အခုချိန်ထိ ဝန်ကြီးကို တစ်ချိန်လုံး သတ်မယ်လို့ခြိမ်းခြောက်တဲ့ Message တွေ လာပါတယ်။ ကျွန်မဆီကိုလည်း Message ပေါင်းများစွာ ပို့ပါတယ်။ တစ်ချိန်လုံး သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ အဲဒီဖြစ်စဉ် ကျွန်မတို့နှစ်ယောက် အခုလက်ရှိ ကြုံနေရတာပါ။ ဒီလိုမျိုးကိစ္စကို ဖြေရှင်းဖို့ကြိုးစားတာကို ထပ်မံခြိမ်းခြောက်တာကြောက်လို့ပြောတာ မဟုတ်ပါဘူး။ အမြန်ဆုံးဒီကိစ္စကို အောင်အောင်မြင်မြင်နဲ့ ဖြေရှင်းလိုက်ချင်ပါတယ်။ ဒီနေရာမှာ ဝိုင်းဝန်းပြီး ကူညီပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

အဆိုပါအစည်းဝေးကို အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ပြည်နယ်လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်အဆင့် လူမှုဝန်ထမ်း၊ ကျန်းမာရေး၊ အလုပ်သမား၊ ပညာရေး၊ တရားရေး၊ ဥပဒေရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊  NGO ၊  NGO များတက်ရောက်ကြ ပြီး၂၀၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျား/ မ ရေးရာအကြမ်းဖက်မှု သတင်းအချက်အလက်များအပေါ် အခြေတည်၍ သက်ငယ်မုဒိမ်းမှုအတွက် အသိပညာပေးမှုများ ကျယ်ပြန့်စွာ ပြုလုပ်ရေး၊ တရားရုံးဆိုင်ရာ အခက်အခဲတို့ကို ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent