အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား ဆုံးဖြတ်ခဲ့သည့်အပေါ် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှု မှားယွင်းနေကြောင်း ရှင်းလင်း

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား ဆုံးဖြတ်ခဲ့သည့်အပေါ် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှု မှားယွင်းနေကြောင်း ရှင်းလင်း
Published 18 October 2017

အနိမ့်ဆုံး အခကြေးငွေဆိုင်ရာ CTUM ၏ သဘောထားထုတ်ပြန်ချက် ရှင်းလင်းပွဲတွင် ဦးဝင်းဇော် ပြောကြားနေသည်ကို တွေ့ရစဉ်

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးတွင် တစ်ရက်လျှင် ကျပ် ၄၀၀၀ မှ ၄၈၀၀ ကြား ဆုံးဖြတ်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ပြောကြားမှုမှာ မှားယွင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အောက်တိုဘာ ၁၇ ရက်က ရှင်းလင်းခဲ့သည်။

ရန်ကုန်မြို့ Orchid ဟိုတယ်၌ CTUM က ပြုလုပ်သည့် အနည်းဆုံး အခကြေးငွေဆိုင်ရာ သဘောထားထုတ်ပြန်ချက် သတင်းစာရှင်းလင်းပွဲတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားကော်မတီဝင်၊ CTUM ဗဟိုကော်မတီဝင် ဦးဝင်းဇော်က အောက်တိုဘာ ၂ ရက်တွင်ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် အနည်းဆုံးအခကြေးငွေဆိုင်ရာ အမျိုးသားအဆင့်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်မှာ အနိမ့်ဆုံးလုပ်ခလစာကို လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီသတ်မှတ်ရေး၊ ၂၀၁၅ ခုနှစ်က သတ်မှတ်ခဲ့သည့် အလုပ်သမား ၁၅ ဦးနှင့်အထက်ကိုသာ အနိမ့်ဆုံးလုပ်ခလစာ နှုန်းထားအတိုင်းပေးသည်ကို ပြင်ဆင်သတ်မှတ်ရေးကိုသာ အစည်းအဝေးတွင် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့်အချက်မှာ မှားယွင်းနေကြောင်း ရှင်းလင်းပြောကြားသည်။

“ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တင်ပြနေတဲ့ အဓိကအကျဆုံးအချက်ဖြစ်တဲ့ ၄၀၀၀ က ၄၈၀၀ ကြား အမျိုးသားကော်မတီက သဘောတူဆုံးဖြတ်ပါတယ်ဆိုတာက မှားယွင်းနေပါတယ်ဆိုတာ ကျွန်တော် ဒီနေရာကနေ အတိအကျ ပြောပါတယ်။ ၄၀၀၀ က ၄၈၀၀ ကြားကို ဝန်ကြီးအနေနဲ့ အဆိုပြုနှုန်းထားတစ်ရပ်ကို အသားပေးမဆွဲထားသင့်ဘူးလို့ ကျွန်တော်တို့အစည်းအဝေးမှာ တရားဝင်ဆွေးနွေးခဲ့ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ တင်ပြလာတာက ၄၀၀၀ က ၆၄၀၀ ကြားရှိတယ်။ အဲဒါကြောင့် ၄၀၀၀ က ၆၄၀၀ ကြားကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဖိုရမ်တစ်ခုကို ဒီဇင်ဘာမတိုင်ခင်မှာ ကျင်းပပေးပါ။ အဲဒီပွဲမှာ အမျိုးသားကော်မတီကနေမှတ်တမ်းရယူပြီး လေးကြိမ်မြောက်ဖြစ်တဲ့ ဒီဇင်ဘာလမှာ အဆိုပြုနှုန်းထားတစ်ရပ်ကို အတည်ပြု ဆုံးဖြတ်မယ်လို့ ကျွန်တော်တို့ ဒီအစည်းဝေးမှာ တရားဝင်ပြောလိုက်ပါတယ်။ ဒါပေမဲ့ ပွဲပြီးသွားတဲ့အခါမှာ ဦးသိန်းဆွေနဲ့ အင်တာဗျူးတဲ့နေရာမှာ ၄၀၀၀ မှ ၄၈၀၀ ကြားကို အမျိုးသားကော်မတီက သဘောတူဆုံးဖြတ်ခဲ့ပါတယ်ဆိုတာ မဟုတ်ပါဘူးဆိုတာကို ကျွန်တော်က တရားဝင် ပြန်လည်ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်” ဟု ဦးဝင်းဇော်က ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ၂၀၁၇ ခုနှစ် ဇွန်မှသြဂုတ်လအထိ တိုင်းဒေသကြီးလေးခုနှင့် ပြည်နယ်နှစ်ခုတို့တွင် တစ်ဦးချင်းတစ်ရက် ပျမ်းမျှအနည်းဆုံး အသုံးစရိတ်နှင့် မိသားတစ်စု၏ တစ်လလျှင် ပျမ်းမျှနေထိုင်စားသောက်စရိတ် ကုန်ကျမှုတို့ကို စစ်တမ်းကောက်ယူခဲ့ပြီး ၎င်းစစ်တမ်းအရ CTUM ၏သတ်မှတ်ချက်မှာ တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခလစာ ကျပ် ၆၆၀၀ နှုန်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent