MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ၁၁ ဦးအား အရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှု အမှုဖွင့်စစ်ဆေးရန် လုံလောက်သည့် အကြောင်းအချက်မရှိဟုဆိုကာ ပလပ်

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ၁၁ ဦးအား အရေးယူပေးရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှု အမှုဖွင့်စစ်ဆေးရန် လုံလောက်သည့် အကြောင်းအချက်မရှိဟုဆိုကာ ပလပ်
Published 18 October 2017

MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်၏ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ၁၁ ဦးအား အရေးယူပေးရန် မြောက်ဥက္ကလာပမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို အောက်တိုဘာ ၁၇ ရက်တွင် တရားရုံးကပလပ်ခဲ့ကြောင်း သိရသည်။

MDCF အဖွဲ့က သမ္မတဟောင်းနှင့် အစိုးရဟောင်းတာဝန်ရှိသူ ၁၁ ဦးအား တရားစွဲဆိုရန်အတွက် ၎င်းတို့တွင် ခိုင်မာသည့် အချက်အလက်များရှိသည်ဟုဆိုကာ ယခုလပထမပတ်အတွင်းမှစ၍ မြို့နယ်တရားရုံးနှင့် မြို့မစခန်းများသို့ အမှုဖွင့်တိုင်ကြားမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး၏ အကြောင်းပြန်စာတွင် “ယခုလျှောက်ထားမှုပါ အကြောင်းအရာများသည် ကျန်တရားရုံးသို့ ဇန်နဝါရီ ၁၁ ရက်က MDCF အဖွဲ့ခေါင်းဆောင်ကိုထင်ကျော်မှ ဦးသိန်းစိန်ပါ သုံးဦးအပေါ် လျှောက်ထားချက်ပါ အကြောင်းအရာများနှင့် ထပ်တူကျလျက်ရှိပြီး ယခင်လျှောက်ထားစဉ်က လျှောက်လွှာပါအချက်များမှာ သက်ဆိုင်ရာတရားရုံးမှ ပြစ်ဒဏ်အသီးသီး ကျခံနေရသည့် အကျဉ်းသားများမှ ပြောပြသည့်အချက်များအပေါ် အခြေပြုလျက် တရားစွဲဆိုခြင်းဖြစ်ကြောင်းနှင့် အမှုဖွင့်စစ်ဆေးရန် လုံလောက်သည့် အကြောင်းအချက်မရှိသဖြင့် တိုင်လျှောက်လွှာအား ပြန်ပေးခဲ့ပြီးဖြစ်သည်။ ဤလျှောက်လွှာမှာလည်း အဆိုပါအကြောင်းအရာကိုပင် ထပ်မံလျှောက်ထားခြင်းဖြစ်၍ ယခုလျှောက်လွှာအား ပြန်ပေးသည်” ဟုဖော်ပြပါရှိသည်။

ထို့ပြင် မြောက်ဥက္ကလာပမြို့မ ရဲစခန်းကလည်း MDCF အဖွဲ့၏တိုင်ကြားမှုမှာ သက်ဆိုင်ရာတရားရုံးများမှ စစ်ဆေးစီရင် အမိန့်ချမှတ်ပြီးပြတ်ပြီးဖြစ်သဖြင့် အမှုအား စုံစမ်းထောက်လှမ်းရန် အကြောင်းမလုံလောက်သည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ် မ-၁၅၇ (၁)(ခ)အရ အမှုဖွင့်စစ်ဆေးရန် ငြင်းပယ်ကြောင်း အကြောင်းပြန်စာ ပေးပို့ထားကြောင်း သိရသည်။

“ဦးတိုက်လျှောက်ထားလို့မရဘူးဆိုရင် ကျင့် ၁၅၄ ကို ကျွန်တော်တို့ ပြန်ကျင့်သုံးရမယ်။ အဲဒီအတွက်ကို စခန်းမှာ ရာဇဝတ်ကြောင်းနဲ့အမှုဖွင့်တယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ၁၂ ရက်က မြောက်ဥက္ကလာပရဲစခန်းမှာ အမှုဖွင့်တယ်။ အဲဒီမှာဘာထူးခြားချက်ရှိလဲဆိုတော့ မနေ့ကနေ့လည် ၁ နာရီမှာ စခန်းမှူးကနေပြီးတော့ အထက်ကိုတင်ပြတဲ့ ရဲမှုခင်းဆိုင်ရာကို နံပါတ်ပေးတယ်။ အဲဒီနံပါတ်ကိုပေးပြီးတော့ မနေ့က ည ၉ နာရီမှာ အမှုကိုတိုင်လျှောက်ချက်ကို ငြင်းပယ်ကြောင်း စာလာပေးတယ်။ အဲဒီတော့ ဘာကြောင့်ငြင်းလဲ အကြောင်းပြချက်ပြဆိုတော့ ဒီဟာတွေက တရားရုံးက ဆုံးဖြတ်ပြီးသားဖြစ်တယ်။ ဘာတွေဆုံးဖြတ်ထားလဲ ကျွန်တော့်ကိုပြဆိုတော့ အတွင်းစာကတော့ဗျာ တရားရုံးက အမိန့်ချထားပြီးဖြစ်တော့ အမှုဖွင့်လို့မရဘူးလို့ဆိုတယ်” ဟု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။

ထိုသို့လျှောက်ထားမှု ပယ်ချခံထားရသော်လည်း တရားစွဲဆိုခွင့်ရရှိရေးအတွက် အထက်သို့ အဆင့်ဆင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောကြားသည်။

Most Read

Most Recent