မကွေးတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်ရှိ ဆီထွက်သီးနှံသိုလှောင်ရုံ၊ ဂိုဒေါင်များနှင့် ဆီစက်များအား FDA ကစီမံချက်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး

မကွေးတိုင်းဒေသကြီး မြို့နယ်ငါးမြို့နယ်ရှိ ဆီထွက်သီးနှံသိုလှောင်ရုံ၊ ဂိုဒေါင်များနှင့် ဆီစက်များအား FDA ကစီမံချက်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေး
Published 18 October 2017

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံ သိုလှောင်ရုံများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စစ်ဆေးနေစဉ်

မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ ပခုက္ကူ၊ ပွင့်ဖြူ၊ အောင်လံ၊ ရေနံချောင်းမြို့များရှိ ဆီထွက်သီးနှံသိုလှောင်ရုံ၊ ဂိုဒေါင်များနှင့် ဆီစက်များအား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စီမံချက်ဖြင့် ရှောင်တခင် စစ်ဆေးထားကြောင်း သိရသည်။

အဆိုပါစစ်ဆေးမှုကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ဆီစက်များအား Famr to Fork Food Safety စီမံချက်အရ ရွေ့လျားဓာတ်ခွဲခန်းများဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးမှုတွင် နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၁၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအပါအဝင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှလည်း ပါဝင်ကြောင်း သိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီ အမျိုးအစားအားလုံး၌ သက်ဆိုင်ရာဌာနများမှ ပေးထားသော ခွင့်ပြုချက်လိုင်စင်များကို ပုံနှိပ်စာလုံးဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိပါက တရားမဝင်စားသုံးဆီအဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာထားသည်။

“အခုစားသောက်ကုန်၊ ဆေးဝါးနဲ့အလှကုန်တွေကို သက်ဆိုင်ရာတာဝန်ရှိတဲ့ အဖွဲ့တွေအားလုံးနဲ့ပေါင်းပြီး ပြည်နယ်နဲ့တိုင်းအလိုက် စစ်ဆေးအရေးယူတာတွေ လုပ်နေတယ်။ စားသုံးဆီတွေကိုလည်း ဈေးကွက်မှာ တရားဝင်ရောင်းချနေတဲ့ ဆီတွေနဲ့ တရားမဝင် ဝင်ရောက်နေတဲ့ဆီတွေကို စစ်ဆေးမှုတွေ လုပ်နေတယ်။ သက်ဆိုင်ရာဌာနတွေက ခွင့်ပြုချက်တွေ အသီးသီးပေးထားတဲ့ အထောက်အထားတွေကို ထုတ်လုပ်သူတွေက မိမိရဲ့ကုန်ပစ္စည်းပေါ်မှာ ဖော်ပြပါရှိရမယ်။ အဲဒါတွေမပါရင် ကျွန်တော်တို့ ဈေးကွက်ဆင်းလို့တွေ့ရင် အသိမ်းခံရမှာပါ။ သိမ်းတယ်ဆိုတာ ထင်ရာမြင်ရာကို သိမ်းတာမဟုတ်ပါဘူး။ အထောက်အထားရှိရှိအဖွဲ့နဲ့ တရားဝင်ဥပဒေကြောင်းအရ သိမ်းဆည်းတာပါ” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့နယ်များအတွင်း လက်လီရောင်းချသော စားသုံးဆီဆိုင်များအနေဖြင့်လည်း တရားဝင်ထုတ်လုပ်သည့် စားသုံးဆီလက်ကားဆိုင်များမှ ဝယ်ယူထားသော ငွေရပြေစာနှင့် ငွေရရှင်းတမ်းများကို ပြသနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ တင်သွင်းရောင်းချနေသည့် အရည်အသွေးမပြည့်မီသော စားသုံးဆီများ အပါအဝင် စံမညီ ပြည်တွင်းထုတ် မြေပဲဆီအရောများကိုလည်း ပုံမှန်ဈေးကွက် ထောက်လှမ်းစောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း၊ ဈေးကွက်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီအမှတ်တံဆိပ်များမှာ မြေပဲဆီဟု ဖော်ပြထားသော်လည်း မြေပဲဆီအစစ်များ မဟုတ်ကြောင်း၊ မြေပဲဆီအမည်ခံ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများဖြစ်ကြောင်းနှင့် ပြည်တွင်းထုတ် စားသုံးဆီများသာမက ပြည်ပနိုင်ငံများမှတင်သွင်းသည့် စားသုံးဆီတံဆိပ်အချို့မှာလည်း အရည်အသွေးမပြည့်မီသော စားသုံးဆီများရှိနေခြင်းကြောင့် ဈေးကွက်ထောက်လှမ်း စောင့်ကြည့်စစ်ဆေးခြင်းကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

၂၀၁၆ ခုနှစ်က ပြည်တွင်းထုတ် မြေပဲဆီသန့်များကို စစ်ဆေးခဲ့ရာ စားအုန်းဆီများနှင့် စားသုံးဆီအရောများ ထည့်သွင်းထားသည့် တံဆိပ် ၁၀ မျိုးကို ရောင်းချခွင့်ပိတ်သိမ်းခဲ့ပြီး ယင်းတံဆိပ်အမည်များမှာ ရွှေအိုး၊ ရွှေတော်ဝင်၊ Hi Plus၊ စိန်၊ ရွှေပဒေသာ၊ ကံသာမြင့်၊ Ruby၊ သပြေ၊ မော်ကွန်းသစ်နှင့် စိန်မမ အမှတ်တံဆိပ်များဖြစ်သည်။

Most Read

Most Recent