ကလေးဝမြို့ ချင်းတွင်းတံတား (ကလေးဝ) အနီးတွင် ဖောက်ခွဲရေးစနက်တံ လေးသောင်း ဖမ်းဆီးရမိ

ကလေးဝမြို့ ချင်းတွင်းတံတား (ကလေးဝ) အနီးတွင် ဖောက်ခွဲရေးစနက်တံ လေးသောင်း ဖမ်းဆီးရမိ
Published 18 October 2017

ကလေးဝမြို့ ချင်းတွင်းတံတား (ကလေးဝ) အနီးတွင် ဖောက်ခွဲရေးစနက်တံ လေးသောင်းကို အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ကားတစ်စီးပေါ်မှ ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

“ဖမ်းမိတာက ချင်းတွင်းမြစ်တံတားအလွန် မဟာမြိုင်လမ်းမိုင်တိုင်အမှတ် ၁၀၄ နဲ့ ၁၀၅ မိုင်ကြားမှာမိတာပါ။ သယ်ဆောင်လာတာက ကိုယ်ပိုင်ကားနဲ့ သယ်လာတာပါ။ တစ်ဖာကို အခုတစ်ရာပါတယ်။ စနက်တံတစ်ခုကို ဆေးလိပ်အရွယ်လောက်ရှိတယ်။ ဘူးပေါင်း ၄၀၀ ပါ။ သယ်ဆောင်တဲ့သူက သန်းနိုင်ဦး (၄၂ နှစ်)နဲ့ ပြည့်ဖြိုးအောင် (၂၉ နှစ်) တို့ပါ။ ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ အရေးယူထားပါတယ်။ ဘူးလေးရာမှာ သုံးပေ၊ နှစ်ပေသေတ္တာနှစ်လုံးစာလောက် ရှိပါတယ်။ ဒီလိုပါ ဖောက်ခွဲရေးလုပ်မယ့် နေရာမှာကျောက်ကိုဂန်းနဲ့ ဖောက်လိုက်တာပေါ့။ ဂန်းနဲ့ဖောက်ပြီး ပင်မယမ်းကိုထည့်လိုက်တာပါ။ ပင်မယမ်းကိုမှ ဒီဟာက ဒီတိုနေတာခေါ်တာပေါ့။ ပင်မယမ်းကို ဒီတိုနေတာစိုက်လိုက်တာ။ စိုက်ပြီးတော့ ဝိုင်ယာနဲ့ရှော့တိုက်တာပါ။ သူက ဖျူးစ် (Fuse) သဘောမျိုးပါ။ ကားနံပါတ်က MDY/6E-7508။ ပစ္စည်းတွေက အိန္ဒိယနိုင်ငံကုမ္ပဏီက တရားဝင်ထုတ်တာပါ” ဟု ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က ပြောကြားသည်။

အဆိုပါ ဖောက်ခွဲရေးစနက်တံများကို ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာဖက်မှ ဝယ်ယူလာပြီး သိုင်းငင်း-ကလေး-ကလေးဝ-ရေဦး-မုံရွာလမ်းအတိုင်း သယ်ယူလာခြင်းဖြစ်သည်ဟု သိရသည်။

 

Most Read

Most Recent