မြစ်ကြီးနားအခြေစိုက် DVB ရုပ်သံသတင်းထောက် ဓားဖြင့် အပေါက်ခံရ

မြစ်ကြီးနားအခြေစိုက် DVB ရုပ်သံသတင်းထောက် ဓားဖြင့် အပေါက်ခံရ
Published 18 October 2017

မြစ်ကြီးနားအခြေစိုက် DVB ရုပ်သံသတင်းထောက် မသင်းသင်းနွယ်သည် အောက်တိုဘာ ၁၆ ရက်ညဉ့်နက်ပိုင်းက ဘုရားဈေးပွဲကအပြန်တွင် ဓားပေါက်ခံရကြောင်း သတင်းရရှိသည်။

ကာယကံရှင်ဖြစ်သူ မသင်းသင်းနွယ်က “မနေ့ညက ခေမာသီရိရပ်ကွက်က ရွှေတိဂုံပုံတူ ဘုရားပွဲဈေးသွားတာ။ ၁၁ နာရီလောက်ရှိမယ်။ သူငယ်ချင်းတွေက ကားနှင့်အနောက်က ကျွန်မတို့က ဆိုင်ကယ်နှင့်ဆိုတော့ အရှေ့ရောက်သလိုဖြစ်တာ။ ခေမာသီရိလမ်းသွယ် ၁၇ လောက်ကလိုက်လာတာ။ နောက်တော့ ဆိုင်ကယ်ချင်းယှဉ်ပြီး ဓားအတိုထုတ်ပြီး ရပ်ခိုင်းတာ။ အတင်းမောင်းပြေးတော့အဖွဲ့တွေ ခြောက်ယောက်လောက် ရှေ့ကစောင့်ပြီး ဖြတ်လိုက်လာတာ။ လူငယ်တွေလိုပဲဖြစ်မယ်။ ခေါင်းကိုတော့ ဦးထုပ်တွေနဲ့ ကွယ်ထားတယ်။ ခဲတွေနဲ့လည်း ပေါက်တယ်။ ခြေထောက်ကို ကျောက်ခဲမှန်တယ်လို့ထင်တာ။ အသိအိမ်အထိ မောင်းပြေးပြီး နာလာလို့ကြည့်မှ ဓားပေါက်ခံရမှန်းသိတာ။ အထဲကို တစ်လက်မလောက်နက်တယ်။ ဆေးခန်းပြပြီး သုံးချက်ချုပ်ရတယ်။ ငွေလေးသောင်းလောက် ကုန်သွားတယ်။ ရဲစခန်းကိုတော့ အကြောင်းကြားပြီးပြီ။ အရင်နှစ်ကလည်း ညနေ ၅ နာရီလောက်မှာ ဆုတောင်းပြည့်ဘုရားကွေ့မှာ အလုခံရတယ်။ မြစ်ကြီးနားမှာက ဒါတွေကို ဘယ်သူမှမဖြေရှင်းပေးကြဘူး” ဟုဆိုသည်။

တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က “မြစ်ကြီးနားမြို့ပေါ်မှာက တစ်ရပ်ကွက်မှာ မဟုတ်ရင် တစ်ရပ်ကွက်မှာ ဖြစ်နေတယ်။ လုယက်မှုများတာက မူးယစ်ဆေးဝါးပေါများမှုနဲ့ ဆက်စပ်နေတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းက ပက်ဂျာဆန်မူးယစ် တိုက်ဖျက်ရေးအဖွဲ့တွေ လုပ်ကြတုန်းက လုယက်မှုမရှိသလောက်ဖြစ်သွားတယ်။ လွှတ်တော်ရုံးရှေ့မှာ ပိုက်ဆံအိတ်အဆွဲခံရပြီး ကတ္တရာလမ်းနဲ့ ခေါင်းနဲ့ဆောင့်တာ သေတယ်။ လုတဲ့သူကို ဓားနဲ့ထိုးတာသေတယ်။ လုတာငွေမရလို့ မျက်နှာဓားနဲ့လှီးသွားတယ်။ စာချုပ်စာတမ်းတွေပါသွားတယ်။ ကျွန်တော်တွေ့တာပြောတာ။ အမျိုးသားရေးလို့ ပြောရမလိုဖြစ်နေတာ။ ရဲအင်အားလည်း မလောက်ဘူး။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလည်း မလုပ်နိုင်ဘူးဆိုရင် ပြည်သူတွေက ဘယ်တော့မှ အန္တရာယ်ကင်းမှာမဟုတ်ဘူး” ဟုဆိုသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြီးခဲ့သော အောက်တိုဘာ ၁၃ ရက်က နှစ်လောင်းပြိုင်လူသတ်မှုမှာလည်း ပစ္စည်းရလိုမှုဟု ရဲတပ်ဖွဲ့က ပြောကြားထားပြီး မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ နမ္မတီး၊ ဗန်းမော်မြို့များတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များက လုယက်မှု၊ ရိုက်နှက်သတ်ဖြတ်မှုများ ဖြစ်ပွားနေကြောင်း၊ ကျူးလွန်သူအများစုမှာလည်း အသက် ၂၀ အောက် လူငယ်အများစုဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent