သြဂုတ် ၂၅ နောက်ပိုင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင် ၅၈၂၀၀၀ ရောက်ရှိခဲ့ဟု ကုလသမဂ္ဂ ထုတ်ပြန်

သြဂုတ် ၂၅ နောက်ပိုင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင် ၅၈၂၀၀၀ ရောက်ရှိခဲ့ဟု ကုလသမဂ္ဂ ထုတ်ပြန်
Published 18 October 2017

အောက်တိုဘာ ၁၆ ရက်က နတ်မြစ်ကို ဖြတ်ကျော်ပြီးနောက် တွေ့ရသည့် ဘင်္ဂါလီဒုက္ခသည်များ (Photo : AFP)

သြဂုတ်လကုန်နောက်ပိုင်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရောက်ရှိခဲ့သည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် အရေအတွက်သည် ၅၈၂၀၀၀ ရှိ လာကြောင်း၊ နယ်စပ်၌ ထောင်နှင့်ချီသည် သောင်တင်နေကြောင်းလည်း ကုလသမဂ္ဂက အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအရေအတွက်သည် ပြီးခဲ့သော သီတင်းပတ်ကုန်တွင် ရှိခဲ့သည့် ၅၃၇၀၀၀ မှ ၄၅၀၀၀ တိုးတက်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေး တပ်များအား ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များက ဝင်ရောက် တိုက်ခိုက်မှုကို မြန်မာတပ်မတော်က စစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့်နောက်ပိုင်း မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ဘင်္ဂါလီမွတ်စလင်များ အလုံးအရင်းဖြင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အနီး သောင်တင်နေသော ထပ်မံရောက်လာသည့် ဒုက္ခသည် ထောင်နှင့်ချီ၏ အခြေအနေကို အလွန်အမင်း စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ UNHCR ၏ ပြောခွင့်ရပုဂ္ဂိုလ် အင်ဒရေးမာဟီဆက်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၅ ရက်ညနောက်ပိုင်း ဘင်္ဂါလီဒုက္ခသည် ၁၀၀၀၀ မှ ၁၅၀၀၀ အထိသည် အန်ဂျူမန်ပါရာ နယ်စပ်စခန်းကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ခဲ့ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။ ယင်းဒုက္ခသည်များအနက် အများအပြားသည် နေရပ်မှ ထွက်ခွာရန်၊ မဟုတ်လျှင် အသတ်ခံရမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်မှု ကြုံခဲ့ရသော်လည်း ရခိုင်ပြည်နယ်တွင် နေထိုင်ရန် ရွေးချယ်ခဲ့ကြသူများ ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ၎င်းတို့၏ရွာများ မီးရှို့ခံရခြင်းကြောင့် ထွက်ပြေးလာရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်ရှိရန် တစ်ပတ်ကြာ လမ်းလျှောက်ခဲ့ရကြောင်း၊ အများစုသည် ဘင်္ဂလားဒေ့ရှ်ရှိ စိုက်ခင်းများတွင် ကျူးကျော်နေထိုင်ဆဲဖြစ်ပြီး နယ်စပ်မှ ရွှေ့ပြောင်းရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြကြောင်း၊ ဒုက္ခသည်များအား အရေးပေါ်လက်ခံရန် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများအား UNHCR က တိုက်တွန်းနေကြောင်း မာဟီဆက်က ပြောကြားခဲ့သည်။                           Ref : AFP

Most Read

Most Recent