ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား နယ်မြေကျော်လွန်လာသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ငါးဦးဖမ်းဆီးရမိကြောင်း တပ်မတော်ထုတ်ပြန်

ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား နယ်မြေကျော်လွန်လာသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး ငါးဦးဖမ်းဆီးရမိကြောင်း တပ်မတော်ထုတ်ပြန်
Published 17 October 2017

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အောက်တိုဘာ ၁၅ ရက်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) (မူရင်း ထုတ်ပြန်ချက်တွင် SSA- ဝမ်ဟိုင်းဟု ဖော်ပြ) အဖွဲ့ ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရပြီး SSPP အဖွဲ့ဝင် ငါးဦးအား ဖမ်းဆီးရမိကြောင်း အောက်တိုဘာ ၁၆ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မန်ရုံမော်ကျေးရွာ၏ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် နယ်မြေကျော်လွန်ရောက်ရှိလာသော SSPP/SSA အဖွဲ့မှ အင်အား ၄၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် အဆိုပါအဖွဲ့သည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း တပ်မတော်သား အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး (SSPP/SSA) အဖွဲ့မှ အဖွဲ့ဝင် ငါးဦးကို အမ် ၂၂ သေနတ် လေးလက်၊ ကျည်အိမ် ခြောက်ခုနှင့် ကျည် ၁၄၇ တောင့်၊ ဗုံးပစ်လောင်ချာ တစ်လက်၊ ဗုံးသီးနှစ်လုံး၊ လက်လုပ်မိုင်း သုံးလုံး၊ အီကွေ့မန့် တစ်စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတာ်ကာကွယ်ရေးဦးစီးချုပ် ရုံးထုတ်ပြန်မှုတွင် ပါရှိသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆု၊ စိုင်းဖုန်းဟန်တို့ထံ အောက်တိုဘာ ၁၆ ည ၆ နာရီခွဲတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းများစက်ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်း မရှိပေ။ SSPP/SSA အဖွဲ့သည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့ဖြစ်သော်လည်း ယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်များ ရေးထိုးထားသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် SSPP/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အားလက်မခံကြောင်း ကြေညာထားသည့် မြောက်ပိုင်းတိုင်းရင်းသား ခုနစ်ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

Most Read

Most Recent