အကြမ်းဖက်ဖြစ်စဉ်ကြောင့် ကျောင်းများပိတ်ထားခဲ့ရသည့် မောင်တောမြို့နယ်မှ ကျောင်းအချို့တွင် ပထမနှစ်ဝက်စာမေးပွဲကို စတင်စစ်ဆေးနေ

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ကျောင်းများပိတ်ထားခဲ့ရသည့် မောင်တောမြို့နယ်မှ ကျောင်းအချို့တွင် ပထမနှစ်ဝက်စာမေးပွဲကို စတင်စစ်ဆေးနေ
Published 17 October 2017

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ကျောင်းများပိတ်ထားခဲ့ရသည့် မောင်တောမြို့နယ်မှ ကျောင်းအချို့တွင် ပထမနှစ်ဝက် စာမေးပွဲကို အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ စစ်ဆေးနေကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပထမနှစ်ဝက် စာမေးပွဲကို စစ်ဆေးပြီးဖြစ်သော်လည်း မောင်တောဒေသတွင် ယခုမှစတင် စစ်ဆေးခြင်းဖြစ်ပြီး မြို့ပေါ်ကျောင်းများနှင့် လုံခြုံရေးရှိသည့်ကျောင်းများတွင်သာ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးထွန်းမင်းနိုင်က “ဒီကနေ့ စစစ်တဲ့စာမေးပွဲက ပထမနှစ်ဝက်စာမေးပွဲပါ။ တစ်နိုင်ငံလုံးမှာတော့ ပထမနှစ်ဝက် စာမေးပွဲကို စစ်ပြီးသွားပါပြီ။ ဒီမှာကျတော့ ဘင်္ဂါလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် ဒီကနေ့မှပဲစပြီး စာမေးပွဲ စစ်ဆေးနိုင်တာ ဖြစ်ပါတယ်။ မြို့ပေါ်ကျောင်းတွေ အကုန်လုံး တစ်ပြိုင်တည်း စာမေးပွဲ စစ်ဆေးနေတာ ဖြစ်ပါတယ်။ ကျောင်းသားတွေကတော့ ကြိုးစားပြီးဖြေနေတာ တွေ့ရတယ်။ နံ့သာတောင် ပရဟိတကျောင်းမှာက ပျက်ကွက်တာမရှိပါ။ နံ့သာတောင်ကျောင်းမှာ ငါးတန်းကနေ ၁၀ တန်းထိ ရှိပါတယ်။ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် ရှိပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မောင်တောဒေသရှိ ကျောင်းသား ကျောင်းသူများတွင် ဘင်္ဂါလီအကြမ်းဖက်ရန်ကို ကြောက်လန့်နေရသည့် စိတ်ဖိစီးမှုများရှိနေပြီး ပညာရေးတွင် အခြားဒေသမှ ကျောင်းသူကျောင်းသားများထက် အခက်အခဲရှိကြောင်း သိရသည်။

“မောင်တောဒေသမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတွေဟာ စိတ်ဖိစီးမှုခံနေရတယ်။ စာကြောင့် စိတ်ဖိစီးမှုရှိသလို ဘင်္ဂါလီအကြမ်းဖက်တွေကြောင့်လည်း သူတို့မှာ စိတ်ဖိစီးမှု ရှိနေပါတယ်။ စာကိုလုပ်တဲ့အခါ ကြောက်ကြောက်လန့်လန့်နဲ့ဆိုတော့ ပြည်မက ကျောင်းသားတွေထက်စာရင် နှစ်ခါနာပါတယ်” ဟု မောင်တောမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးထွန်းမင်းနိုင်က ပြောကြားသည်။

အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာလာရသည့် ကလေးငယ်များမှာလည်း မောင်တောမြို့ပေါ်၌ ဖွင့်လှစ်လျက်ရှိသည့် စာသင်ကျောင်းများတွင် တက်ရောက် သင်ကြားကာ စာမေးပွဲကို ဖြေဆိုနေကြကြောင်း သိရသည်။

Most Read

Most Recent