ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျ
Published 17 October 2017

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၅၈ ရပ်ကွက်တွင် ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျတိမ်းမှောက်မှု အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁၂ ခွဲတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ တိမ်းမှောက်ထိုးကျမှုကြောင့် ဆီဘောက်ဆာယာဉ်မောင်ဖြစ်သူမှာ ကားအတွင်း ညပ်မိနေကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက် ထိုးကျမှုကြောင့် ဆီဘောက်ဆာယာဉ်မောင်းဖြစ်သူမှာ ကားအတွင်း ညပ်မိနေသဖြင့်၊ အဆိုပါ ယာဉ်မောင်းအား ဒဂုံတောင် မီးသတ်စခန်းမှ ရှာဖွေကယ်ထုတ်ပေးခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မွန်းလွဲ ၁၂ ခွဲလောက်မှာ သတင်းရတော့ ဒဂုံတောင်မီးသတ်စခန်းက မီးသတ်ကားနှစ်စီးနဲ့ ရှာဖွေကယ်ဆယ်မှုတွေ ဆောင်ရွက်ခဲ့တယ်။ ယာဉ်မောင်းဖြစ်သူ ညပ်နေတော့ ရှာဖွေကယ်ထုတ်ပေးခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် တိမ်းမှောက်မှုတွင် အောက်တိန်းဆီဂါလန် ၂၈၀၀ တင်ဆောင်လာပြီး အဖုံးမှတစ်ဆင့် ဆီအနည်းငယ် ယိုစိမ့်မှုဖြစ်ပွားနေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှု မဖြစ်ပွားစေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခန့်၌ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၇၃) ရပ်ကွက်၌ ယာဉ်တစ်စီးမှလမ်းဘေးတွင် ရပ်တန့်ထားသည့် ကားတစ်စီးအား ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent