တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ရေးထိုးထားသည့်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ NCA ပါ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် NCA ရေးထိုးထားသည့်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ NCA ပါ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ တွေ့ဆုံဆွေးနွေး
Published 17 October 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်များအား နှုတ်ဆက်စဉ် (Photo: Senior General Min Aung Hlaing Facebook)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) တို့ NCA ပါ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စရပ်များ အောက်တိုဘာ ၁၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်၍ PPST ပြောရေးဆိုခွင့်ရှိသူများထံ ည ၇ နာရီအထိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းများစက်ပိတ်ထားသဖြင့် မေးမြန်းနိုင်ခြင်းမရှိပေ။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာတွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ်ရယူလိုကြောင်းကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းစဉ်ကပင် ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် လက်ရှိလျှောက်လှမ်းနေသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လက်ခံလိုက်ပါမှုနှင့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရေး စသည့်အချက်နှစ်ချက်ကိုအခြေခံပြီး ဆွေးနွေးညှိနှိုင်းခဲ့ပြီး ယခု NCA လက်မှတ်ရေးထိုးနိုင်သည့် အဆင့်အထိ ရောက်ရှိခဲ့ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ကြိုက်နှစ်သက်မှု၊ လိုအပ်မှုများ မတူညီနိုင်ကြောင်း၊ တိုင်းရင်းသားရေးအရ၊ နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ တူညီမှုမရှိနိုင်သော်လည်း အားလုံးကလက်ခံနိုင်သည့် ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားနှင့် သမိုင်းကြောင်းအရ ဖြစ်တည်ခဲ့မှု အခြေအနေများအပေါ်မူတည်၍ စိတ်ရှည်စွာ ညှိနှိုင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍လည်း ပြုပြင်သင့်သည့်အချိန်တွင် ပြုပြင်ထိုက်သည်များကို ပြုပြင်ကြမည်ကို မိမိပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ NCA တွင် အဓိကအားဖြင့် ပေးထားသည့် ကတိကဝတ်များ တည်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် အာမခံချက်များ၊ NCA တွင်ပါရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားသော အာမခံချက်များကို မိမိတို့ဘက်မှ မည်သည့်အခါမှ ချိုးဖောက်မည်မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် PPST အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA မှလွဲ၍ အခြားလမ်းကြောင်းမရှိကြောင်း၊ NCA အား အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ပြီး NCA ပါအချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ PPST အနေဖြင့် တစ်ဦးအပေါ်တစ်ဦး အသာစီးရယူလိုစိတ်မရှိဘဲ ရိုးရိုးသားသားဖြင့် တိုင်းပြည်တွင်ဖြစ်နေသည့် ပဋိပက္ခများကို ဖြေရှင်းလိုသည့် သဘောထားတစ်ခုသာရှိကြောင်း၊ ငြိမ်းချမ်းရေးတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံးပါဝင်လာရန် လိုလားပါကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် NCA နှစ်နှစ်ပြည့်အခမ်းအနားတွင် ပြောကြားခဲ့သည့် မိမိတို့ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်ဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်ကိုလည်း အပြည့်အဝထောက်ခံပါကြောင်း ပြောကြားခဲ့သည်ဟုသိရပြီး တစ်ဖွဲ့ချင်းနှင့် ပတ်သက်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အားလုံးပါဝင်လာရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှုရှိရန်လိုကြောင်း၊ လက်မှတ်ရေးထိုးခြင်း မပြုသည့်အဖွဲ့များအား ငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်းကို စတင်ခြေလှမ်းပြီး NCA ကို လက်မှတ်ရေးထိုးကြရန်လိုသည်ဟု NCA နှစ်နှစ်ပြည့် အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ NCA လမ်းကြောင်းသည် ငြိမ်းချမ်းရေးအတွက် အဓိကလုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေးကို ဦးတည်လုပ်ဆောင်ခြင်းမဟုတ်ကြောင်း၊ ပြည်သူလူထု အားလုံး၏ဆန္ဒမှာ အေးချမ်းစွာနေထိုင်လိုပြီး မိမိတို့ဘဝတိုးတက်အောင် လုပ်ဆောင်လိုကြကြောင်း၊ ကိုယ်စိတ်ချမ်းသာမှု၊ ကျန်းမာမှုရယူလိုကြကြောင်း၊ အချို့နေရာများတွင် နိုင်ငံရေးသမားများ၏ မဲဆွယ်မှု၊ အခွင့်အရေးပေး၍ စည်းရုံးမှု၊ အကြောက်တရားဖြင့် ခြိမ်းခြောက်မှုများကြောင့် ပါဝင်လာရသည်များလည်းရှိကြောင်း၊ သို့ဖြစ်၍ ငြိမ်းချမ်းရေးတွင် မသက်ဆိုင်သည်များကို ပုံကြီးမချဲ့ဘဲ အတတ်နိုင်ဆုံး ဘောင်ကျဉ်းကျဉ်းဖြင့် ထိရောက်အောင်မြင်စေရန် လုပ်ဆောင်စေလိုကြောင်း၊ နယ်မြေချဲ့ထွင် လုပ်ဆောင်မှုကြောင့် ပြည်သူလူထုမှာ ကြားညပ်ရကြောင်း၊ NCA ပါ အကြောင်းအရာများကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် တပ်မတော်အနေဖြင့် အထူးလိုလားကြောင်း၊ အသင့်လည်းရှိပါကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်သည်များကို အချိန်မဆိုင်းဘဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်ဟု ထုတ်ပြန်မှုအရ သိရသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး PPST ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါင်၊ KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ) ဗဟိုကော်မတီဝင် နော်ကပေါ်ထူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် DKBA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူရှေးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent