လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများ နေပြည်တော်တွင် ယနေ့စတင်မည်ဖြစ်ပြီး ဘဏ္ဍာနှစ် ပြင်ဆင်သတ်မှတ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြရန် လျာထား

လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးများ နေပြည်တော်တွင် ယနေ့စတင်မည်ဖြစ်ပြီး ဘဏ္ဍာနှစ် ပြင်ဆင်သတ်မှတ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြရန် လျာထား
Published 17 October 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များ၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို နေပြည်တော်တွင် ယနေ့ (အောက်တိုဘာ ၁၇ ရက်) တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး၏ ပထမနေ့အစီအစဉ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့တင်ပြခြင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ရန် (လျာထားချက်) တွင်ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတက ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအားဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စ၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြစ်မှုဆိုင်ရာကိစ္စရပ်များ၌ ဥပဒေပိုင်း အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စ၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးပါဝင်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ရန်လည်း ပြည်ထောင်စုလွှတ်တော်က လျာထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ပြောင်းလဲပြင်ဆင် သတ်မှတ်မည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတက စက်တင်ဘာ ၂၉ ရက် ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့ထားခြင်းဖြစ်ပြီး အဆိုပါသဝဏ်လွှာတွင် လက်ရှိကျင့်သုံးလျက်ရှိသော မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိအစား အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိဟု ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ဖော်ပြထားသည်။

ထိုသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်မည့် ဘဏ္ဍာနှစ်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၁၇ မှ သဘောတူခွင့်ပြုပြီးဖြစ်ကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်အဖြစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ပြောင်းလဲပြင်ဆင်သတ်မှတ်မှုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၀ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၃၈ ပါ ပြဋ္ဌာန်းချက်များတို့အရ သဝဏ်လွှာပေးပို့ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ်ပြောင်းလဲပြင်ဆင် သတ်မှတ်မည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဆဋ္ဌမပုံမှန်အစည်းအဝေး ကာလအတွင်း ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေကြမ်း၊ သစ်တောဥပဒေကြမ်းများကို အဓိကဆွေးနွေး အတည်ပြုသွားမည်ဖြစ်ပြီး အခြားလက်ကျန်ဥပဒေကြမ်းများကို ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောကြားသည်။

Most Read

Most Recent