နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အပြည့်အဝတာဝန်ယူထားကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အပြည့်အဝတာဝန်ယူထားကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ပြောကြား
Published 17 October 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အပြည့်အ၀ တာဝန်ယူထားကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

နေပြည်တော်လေဆိပ်တွင် ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင်ဆန်းအပါအဝင် သုံးဦးထံမှ လက်နက်များတွေ့ရှိပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ပြည်သူများအကြား စိုးရိမ်စရာဖြစ်လာခဲ့သည်။

လက်နက်တွေ့ရှိသည့်အပေါ် နေပြည်တော်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအရ စိန်ခေါ်မှုများရှိသည်ဟု ပြောဆိုကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့်ပတ်သက်ပြီး မည်မျှအထိ လုပ်ဆောင်ထားကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းမှုအပေါ် “အစ်မကြီးရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဒါကသိပ်မသက်ဆိုင်ဘူးနဲ့တူတယ်။ ဒီဟာနဲ့ပတ်သက်လို့ ကျွန်တော်တို့ကတော့ အဲဒီလုံခြုံရေးခြိမ်းခြောက်မှုကတော့ ဘယ်လိုမှဖြစ်စရာမလိုဘူး။ ကျွန်တော်တို့က အပြည့်အ၀ တာဝန်ယူထားပါတယ်။ ဒါက ပြဿနာမရှိပါဘူး” ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြောကြားသည်။

လက်ရှိတွင် ဟိုတယ် ACE တွင် ဆက်စပ်လက်နက်များ ဆက်လက်ဖမ်းဆီးရမိပြီး စစ်ကြောရေး လုပ်ဆောင်နေသဖြင့် အသေးစိတ်အချက်အလက်များ ပြော၍မရသေးကြောင်း ရဲမှူးကြီးက ဆိုသည်။

“လက်နက်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီးတော့ လောလောဆယ် ကျွန်တော်တို့က စိစစ်နေတယ်။ ဒါပေမဲ့ လက်ရှိကျွန်တော်တို့မှာတော့ ပါမစ်တို့၊ ဝရမ်းတို့ ပေးထားတာတော့မရှိဘူး။ တရားမဝင် လက်နက်ကိုင်ဆောင်တယ်လို့ ပြောလို့ရပါတယ်” ဟုပြောကြားသည်။

နေပြည်တော်တွင် ယင်းကဲ့သို့လက်နက်များ တွေ့ရှိခြင်းမှာ ပထမဆုံးအကြိမ် တွေ့ရှိခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent