ပြည်တွင်း၌ လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံခြားဘဏ် ၁၃ ခုကို ပြည်တွင်းလုပ်ငန်းရှင်များသို့ ငွေချေးခွင့်မပြုရန် ပြည်တွင်းဘဏ်များက တောင်းဆိုထားပြီး ပြည်တွင်းလုပ်ငန်းရှင်များကလည်း ပြည်ပဘဏ်များထံမှ ချေးငွေရယူလိုကြောင်း အစိုးရနှင့် ဗဟိုဘဏ်သို့ တင်ပြ

ပြည်တွင်း၌ လုပ်ကိုင်ခွင့်ရထားသည့် နိုင်ငံခြားဘဏ် ၁၃ ခုကို ပြည်တွင်းလုပ်ငန်းရှင်များသို့ ငွေချေးခွင့်မပြုရန် ပြည်တွင်းဘဏ်များက တောင်းဆိုထားပြီး ပြည်တွင်းလုပ်ငန်းရှင်များကလည်း ပြည်ပဘဏ်များထံမှ ချေးငွေရယူလိုကြောင်း အစိုးရနှင့် ဗဟိုဘဏ်သို့ တင်ပြ
Published 17 October 2017

Myanmar Business Development Group မှကျင်းပသည့် စီးပွားရေးအခွင့်အလမ်းနှင့် စိန်ခေါ်မှုများဆွေးနွေးပွဲကို တွေ့ရစဉ်

လက်ရှိအခြေအနေတွင် ပြည်တွင်းလုပ်ငန်းရှင်များသို့ နိုင်ငံခြားဘဏ်များက ငွေချေးခွင့်ကို ပြည်တွင်းဘဏ်များက ကန့်ကွက်နေခြင်းဖြစ်ပြီး ပြည်ပဘဏ်များကလည်း ပြည်တွင်းလုပ်ငန်းရှင်များအား ငွေချေးခွင့်ရရှိရန် တောင်းဆိုနေကြောင်း Global Treasure ဘဏ်ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာလှညွန့်က Myanmar Business Development Group မှကျင်းပသည့် စီးပွားရေးအခွင့်အလမ်းနှင့် စိန်ခေါ်မှုများဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

“ကျွန်တော်တစ်ဦးတည်း အမြင်အရပြောရရင် ပုဂ္ဂလိကကတော့ နိုင်ငံခြားဘဏ်တွေဆီက Occupied လုပ်သွားမှာလေ။ နိုင်ငံခြားဘဏ်တွေဆီ Occupied လုပ်သွားမယ်ဆိုရင် ကျွန်တော်တို့ဆီကို Individual လာဖို့က Protion တအားကျသွားမယ်။ အဲဒီအတွက်ကြောင့်လည်း ပြည်တွင်းဘဏ်တွေဘက်က ဟိုဘက်ကိုမပေးပါနဲ့ဆိုပြီး Defence လုပ်နေတာ။ ဒါပေမဲ့ နိုင်ငံခြားဘဏ်တွေကလည်း ပြည်ပကုမ္ပဏီတွေနဲ့တင် အလုပ်မဖြစ်ဘူး။ ငါတို့ကို ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပေးလုပ်ပါဆိုပြီး Request လုပ်နေတာ။ ပြည်တွင်းကလည်း ပြည်ပနိုင်ငံခြားဘဏ်တွေက ငွေချေးခွင့်တောင်းနေတယ်။ ပြည်ပဘဏ်တွေကလည်း Request လုပ်နေတယ်ဆိုတော့ ဆုံးဖြတ်ချက်ချရမယ့် ဗဟိုဘဏ်ကတော့ ဘာလုပ်မလဲမသိဘူးပေါ့” ဟု ဒေါက်တာလှညွန့်က ယင်းတစ်ဦးတည်းအမြင်အပေါ် ပြောကြားသည်။

ပြည်တွင်းဘဏ်များ၏ စွမ်းဆောင်မှုဖြင့် ပြည်တွင်းလုပ်ငန်းရှင်များ လိုအပ်သည့် ချေးငွေထုတ်ပေးနိုင်စွမ်းမရှိဘဲ ပြည်တွင်းဘဏ်က ပြည်ပဘဏ်များကို ယင်းတို့ထိခိုက်မည်စိုးသည့်အတွက် ကန့်သတ်ရန် တောင်းဆိုနေခြင်းမှာ တိုင်းပြည်နှင့် ပြည်တွင်းလုပ်ငန်းရှင်များသာ အထိနာသည့် ပုံစံဖြစ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ပြည်တွင်းလုပ်ငန်းရှင်များကို ငွေချေးပေးခွင့် ကန့်သတ်ထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်အပေါ် ကန့်သတ်ထားမှု ဖြေလျှော့ပေးပြီး Corporate Banking ကို ပြည်တွင်းလုပ်ငန်းရှင်များအတွက် ခွင့်ပြုပေးရန် အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဌနှင့် Myanmar Business Development Group မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

“လက်ရှိမှာ မြန်မာနိုင်ငံသားကို ခွင့်ပြုမထားဘူး။ အသင်းအဖွဲ့လေးတွေအတွက် ပြည်တွင်းဘဏ် တစ်ဆင့်ခံမှရတယ်။ နိုင်ငံခြားကုမ္ပဏီကိုပဲ ခွင့်ပြုထားတယ်။ ကျွန်တော်တို့တင်ပြတာက MFDB၊ MICB ဘဏ်မျိုး Only Export/Import၊ MFDB၊ MICB Domestic ဘဏ်လိုအဆင့်မျိုး ခွင့်ပြုဖို့တောင်းဆိုထားတာ။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ ကျွန်တော်တို့က ဆန်ရောင်းမယ်။ ပဲရောင်းမယ်။ ကျွန်တော်တို့က TT (Telegraphic Transfer) တောင်းရတယ်။ နိုင်ငံခြားမှာ TT ဆိုတာမရှိတော့ဘူး။ LC (Letter of Credit) သွားဖို့ကို ကျွန်တော်တို့မှာ ပြဿနာက Financing မရှိဘူး။ မရှိတဲ့အခါကျတော့ မရောင်းနိုင်ဘူး။ မရောင်းနိုင်တော့ ကျွန်တော်တို့က စင်ကာပူမှာရှိတဲ့ ကုမ္ပဏီကနေတစ်ဆင့် သွားနေရတယ်။ အဲဒီလိုသွားရတဲ့အတွက် ကျွန်တော်တို့အတွက် နစ်နာတယ်။ ပဲပြဿနာတက်တဲ့အချိန်မှာ သူတို့ကပြောတာက အိန္ဒိယနဲ့ မြန်မာ Direct Contract ရှိလား။ Payment လုပ်ထားလား။ ကျွန်တော်တို့ Payment အားလုံးက အိန္ဒိယနဲ့မရှိဘူး။ စင်ကာပူကိုပဲပေးထားတာ။ ကျွန်တော်တို့မှာ ပြဿနာက Corporate Banking ကို အဲဒီဘဏ် ၁၃ ခုအတွက် နိုင်ငံခြားကုမ္ပဏီတွေကိုပဲ ခွင့်ပြုထားတာ။ ကျွန်တော်တို့ ပြည်တွင်းလုပ်ငန်းရှင်တွေက အဲဒီဘဏ် ၁၃ ဘဏ်နဲ့ဆက်သွယ်လို့မရဘူး” ဟု ဒေါက်တာစိုးထွန်းက လက်ရှိအခြေအနေအပေါ် ပြောကြားသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် လက်ရှိမြန်မာနိုင်ငံတွင် အရှုံးမရှိသော လုပ်ငန်းပုံစံဖြင့် လည်ပတ်နေသည့် တစ်ခုတည်းသောလုပ်ငန်းဖြစ်ပြီး အလွန်အကျွံကာကွယ်မှုများ ရရှိထားပြီး အဆိုပါအလွန်အကျွံ ကာကွယ်မှုများနှင့် များပြားသည့် ချေးငွေအတိုးနှုန်းများ၊ ဝန်ဆောင်ခများအတွက် ခေတ်မမီတော့သည့် မြန်မာ့ဘဏ်ဝန်ဆောင်မှုများကို ပြင်ဆင်ရန် တောင်းဆိုမှုများရှိနေသော်လည်း လက်ရှိအချိန်အထိ ဖြစ်ပေါ်မလာသေးကြောင်း သိရသည်။

Most Read

Most Recent