နေပြည်တော် လေဆိပ်တွင် သေနတ်များနှင့်အတူ ဖမ်းဆီးရမိသူ သုံးဦးအား စစ်ဆေးနေ

နေပြည်တော် လေဆိပ်တွင် သေနတ်များနှင့်အတူ ဖမ်းဆီးရမိသူ သုံးဦးအား စစ်ဆေးနေ
Published 16 October 2017

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာလ ၁၅ ရက် ညပိုင်းက သေနတ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ခရီးသည် သုံးဦးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကနဦး စုံစမ်းသိရှိရသော သတင်းများအရ နေပြည်တော်မှ ရန်ကုန်သို့ မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ဖြင့်လိုက်ပါမည့် ခရီးသည်များဖြစ်ကြသော ယခင်အစိုးရလက်ထက် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း၊ ဦးရဲမင်းဆွေ၊ ဦးဇော်ဝင်းထိုက် ဆိုသူတို့နှင့်အတူ ပါရှိသည့် ခရီးဆောင်အိတ်များအား လုံခြုံရေးစက်ဖြင့် စစ်ဆေးရာမှ သေနတ်များ တွေ့ရှိဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ယင်းကဲ့သို့ ဖမ်းဆီးရမိမှု သတင်းအပေါ် အတည်ပြု မေးမြန်းရာတွင်မူ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ''အဲဒါက ပြောလို့မရသေးဘူး။ လောလောဆယ် စိစစ်နေတုန်းပဲ'' ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ယင်းခရီးသည်များထံမှ ဖမ်းဆီးရမိသည့် သေနတ်အရေအတွက် ပမာဏမှာလည်း အများအပြား မဟုတ်ဘဲ အနည်းငယ်သာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၅ ရက် ည ရး၁၅ မိနစ်တွင် နေပြည်တော်မှ ရန်ကုန်ခရီးစဉ်အဖြစ် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် ခရီးသည်များကို ၎င်းတို့၏ ခရီးဆောင်အိတ်များအား လုံခြုံရေးအဖွဲ့က စစ်ဆေးမှုပြုလုပ်စဉ် သေနတ်များ ဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးရမိသည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင် ကို Eleven Media Group က အောက်တိုဘာ ၁၅ ရက် ည ၁၁ နာရီခန့်က မေးမြန်းရာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အတည်ပြု ပြောကြားခဲ့သော်လည်း ဖမ်းဆီးရမိမှုအခြေအနေ အသေးစိတ်ကိုမူ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည့်အတွက် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်းဖြေကြားခဲ့သည်။

သေနတ်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး "ကာကွယ်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ ကိုယ်ပိုင်ကာကွယ်နိုင်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ စိစစ်တုန်းပဲ ရှိသေးတယ်။ သေချာမှ ပြောပါမယ်" ဟု ရဲမှူးကြီး ဇော်ခင်အောင်က ဖြေကြားခဲ့သည်။

Most Read

Most Recent