အရည်အသွေး ကွာခြားချက်ကြောင့် ပြည်တွင်းထွက် ငရုတ်သီးတောင့်များအစား အိန္ဒိယဘက်မှ ငရုတ်သီးတောင့်များ မှာယူထုတ်လုပ်နေရဟုဆို

အရည်အသွေး ကွာခြားချက်ကြောင့် ပြည်တွင်းထွက် ငရုတ်သီးတောင့်များအစား အိန္ဒိယဘက်မှ ငရုတ်သီးတောင့်များ မှာယူထုတ်လုပ်နေရဟုဆို
Published 16 October 2017

ဈေးကွက်အတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်များအား တွေ့ရစဉ်

ကြိတ်ခွဲရောင်းချသည့် ငရုတ်သီးမှုန့်လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးကွာခြားချက်ကြောင့် ပြည်တွင်းထွက် ငရုတ်သီးတောင့် (ကုန်ကြမ်း) များအစား အိန္ဒိယဘက်မှ ငရုတ်သီးတောင့်များ မှာယူထုတ်လုပ်နေရကြောင်း ငရုတ်သီးမှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

“မြန်မာတစ်နိုင်ငံလုံးမှာ ငရုတ်သီးထွက်တယ်ဆိုပေမယ့် အဓိက အညာဒေသကထွက်တယ်။ ဧရာဝတီတိုင်းဘက်ကလည်း ထွက်တယ်။  ပွဲရုံတွေကို ဝင်လာတဲ့ ငရုတ်သီးအတောင့် အတော်များများကို ကျွန်တော်တို့လို ကြိတ်ခွဲရောင်းချသူတွေက အများဆုံးယူတာပါ။ အရင်ကဆို ပြည်တွင်းထွက် ငရုတ်သီးတောင့်တွေကို အဓိကထားကြိတ်ခွဲပြီး အိန္ဒိယဘက်ကလည်း ယူသုံးတာမျိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ငရုတ်သီးမှုန့်တွေမှာ Aflatoxin မှိုအဆိပ်များ ပါနေတယ်လို့ ပြောတယ်။ ဈေးကွက်ထဲက ပစ္စည်းတွေကို ပြန်သိမ်းခိုင်းတဲ့အတွက် ဖြန့်ထားပြီးသား ပစ္စည်းတွေကို ပြန်သိမ်းခဲ့ရတယ်။ မှိုက ဘယ်မှာကတည်းက ပါတာလဲဆိုတာကို ကျွန်တော်တို့လေ့လာတဲ့အခါ ကုန်ကြမ်းဖြစ်တဲ့ ငရုတ်သီးတောင့်မှာကတည်းက ပါနေတယ်။ ဒီတော့ အခုဆိုရင် ကျွန်တော်တို့ အိန္ဒိယဘက်က ငရုတ်သီးတောင့်တွေကိုမှာပြီး ကြိတ်ခွဲရတယ်။ အိန္ဒိယဘက်က ငရုတ်သီးတောင့်က ပိုဈေးမြင့်ပြီး ပြည်တွင်းထက် တစ်ပိဿာကို အနည်းဆုံး ၅၀၀၊ ၆၀၀ ကွာပါတယ်” ဟု ငရုတ်သီးမှုန့် ထုတ်လုပ်ရောင်းချသူ ပြည်တွင်းလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြည်တွင်းထွက် ငရုတ်သီးတောင့်များမှာ ထားသိုမှု၊ ထိန်းသိမ်းမှု အားနည်းချက်များကြောင့် မှိုပေါက်ဖွားမှုများရှိနေပြီး အရည်အသွေးပိုင်း ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ Aflatoxin မှိုများကို မြေပဲဆန်၊ ပြောင်းဆန်စသည် တို့တွင်လည်း တွေ့ရတတ်ကြောင်းနှင့် ငရုတ်သီးတောင့်များမှာ တစ်ရာသီခန့်သာ အထားခံရာ နောက်ပိုင်းတွင် အရည်အသွေးပိုင်း ကျဆင်းသွားလေ့ရှိသည်ဟု ငရုတ်သီးမှုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

ဈေးကွက်အတွင်းရောင်းချနေသည့် ငရုတ်သီးမှုန့်များ၏ ရာခိုင်နှုန်း ၆၀ (ထက်ဝက်ကျော်) ၌ အသည်းကင်ဆာဖြစ်စေသော Aflatoxin မှို အဆိပ်များပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိထားသည့်အတွက် ယင်းကုန်ပစ္စည်းများအား တစ်ပတ်အတွင်း ပြန်လည်သိမ်းဆည်းရန် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ နိုဝင်ဘာလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် စက်တင်ဘာ လအတွင်းက ပြည်တွင်းဈေးကွက်၌  ရောင်းချလျက်ရှိသော ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များတွင် ခွင့်မပြုဆိုးဆေးများ၊ Aflatoxin များပါဝင်နေခြင်းရှိမရှိ စစ်ဆေးခဲ့ကြောင်းနှင့် စစ်ဆေးမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော်နယ်မြေအတွင်းရှိ ဈေးများမှ ငရုတ်သီးမှုန့် (အကြမ်းမှုန့်၊ အနုမှုန့်၊ လှော်ထောင်းမှုန့်၊ အစိမ်းမှုန့်) များကို ဈေးကွက် နမူနာ ကောက်ယူ၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဓာတ်ခွဲခန်းများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်နမူနာ ကောက်ယူခဲ့သော ငရုတ်သီးမှုန့်စုစုပေါင်း ၆၅၁ မျိုးရှိရာ ယင်းတို့အနက် Aflatoxin B1 ပါဝင်မှု ၃၈၇ မျိုး၊ ခွင့်မပြုဆိုးဆေး Rhodamine B ပါ ဝင်မှုနှစ်မျိုး စစ်ဆေးတွေ့ရှိထားပြီး ကျန်နမူနာများမှာ Aflatoxin B1 ပါဝင်မှုမရှိကြောင်းနှင့် ဈေးကွက်  နမူနာကောက်ယူခဲ့သော ငရုတ်သီးမှုန့် ၆၀၀ ကျော်အနက် အမှတ်တံဆိပ်ပါ ထောက်ခံချက်ရပြီးသော ငရုတ်သီးမှုန့်နမူနာ ၁၄၃ မျိုး၊ အမှတ်တံဆိပ်ပါ ထောက်ခံချက် လျှောက်ထားခြင်းမရှိသော ငရုတ်သီးမှုန့်နမူနာအမျိုး ၁၄၀၊ အမှတ်တံ ဆိပ်မပါသောငရုတ်သီးမှုန့် နမူနာ ၃၆၈ မျိုး ပါဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Most Read

Most Recent