ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက်၌ ယာဉ်တစ်စီးက လမ်းဘေးရပ်ထားသည့်ယာဉ်ကို ဝင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက်၌ ယာဉ်တစ်စီးက လမ်းဘေးရပ်ထားသည့်ယာဉ်ကို ဝင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရ
Published 16 October 2017

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက်၌ ယာဉ်တစ်စီးက လမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးအား ဝင်တိုက်မှု ဖြစ်စဉ်အပြီး တွေ့ရစဉ် (Photo-ရွှေသန်လျင်နာရေးကူညီမှုအသင်း( ဒဂုံ))

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက်၌ ယာဉ်တစ်စီးက လမ်းဘေးတွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးကို ဝင်တိုက်မှု အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် (၇၃) ရပ်ကွက် အနောက်မှ အရှေ့သို့ ယာဉ်မောင်း (စုံစမ်းဆဲ) ယာဉ် အမှတ် 8K/ ---- Foson အမျိုးအစား အနက်ရောင်ယာဉ်သည် ပုဏ္ဏမီလမ်းဆုံ အရောက်တွင် ယာဘက်လမ်းနံဘေးတွင် မောင်းသူမဲ့ ရပ်တန့်ထားသည့် Nissan Disel အမျိုးအစားယာဉ်ကို ဝင်တိုက်မိခဲ့သည်။

ထိုသို့ ယာဉ်တိုက်မိမှုကြောင့် ယာဉ်နှစ်စီးစလုံး ပျက်စီးခဲ့ကြောင်း၊ ဝင်တိုက်ခဲ့သည့် 8K/ ---- Foson အမျိုးအစား အနက်ရောင် ယာဉ်ပေါ်ရှိ ဒေါ်. . . .(၃၃ နှစ်) နှင့် ဦး . . . . (၃၀ နှစ်) တို့မှာ ဦးခေါင်းစုတ်ပြဲ ဒဏ်ရာများနှင့် ဝဲနားထင် ပေါက်ပြဲဒဏ်ရာများ ရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သိရသည်။ ကျန်အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ ဒဏ်ရာများရရှိပြီး ရန်ကုန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းက ရပ်ထားသည့် ယာဉ်အား ဝင်တိုက်ခဲ့သည့် 8K/ ---- Foson အမျိုးအစား အနက်ရောင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ (စုံစမ်းဆဲ) အား ယာဉ် (ပ) ၄၄/၁၇ ရာဇသတ်ကြီးပုဒ်မ ၄၀၃ က/ ၃၃၈/၂၉၇/၂၀၂ ဖြင့် အရေးယူ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှု ဖြစ်စဉ် ၁၂၂၅၀ ဖြစ်ပွားပြီး ယာဉ်တိုက်မှုများကြောင့် လူဦးရေ ၃၅၅၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများတွင် မော်တော်ဆိုင်ကယ်ကြောင့် ၄၈ ဒသမ ၈၅ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း သိရပြီး ယာဉ်မတော်တဆ ဖြစ်စဉ်များကြောင့် တစ်ရက်လျှင် ၁၄ ဒသမ ၈ ဦးခန့် သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ချမှတ်ခဲ့ရာ ယာဉ်အစီးရေ တိုးတက်များလာမှုနှင့်အတူ ယာဉ်တိုက်မှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ တိုးတက်မြင့်မား လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

Most Read

Most Recent