အကြမ်းဖက်မှုကြောင့် ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြန်လည်စတင်

အကြမ်းဖက်မှုကြောင့် ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ပြန်လည်စတင်
Published 16 October 2017

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရပ်ဆိုင်းခဲ့သည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု အောက်တိုဘာ ၁၄ ရက်က ပြန်လည်စတင်ခဲ့ကြောင်း တာဝန်ရှိသူတို့ အဆိုအရ အသိရသည်။

ပြန်လည် စတင်သည့်နေ့တွင် ဒေါ်လာ ၆၀၀၀ ကျော်ဖိုး ဆန်တန်ချိန် ၂၀ ကိုတင်ပို့ခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် ဆက်လက် တင်ပို့နိုင်ခြင်းမရှိဘဲ စက်လှေများ ပြန်ရောက်မှ ဆက်လက်တင်ပို့မည်ဟု သိရသည်။

“အကြမ်းဖက် အခြေအနေကြောင့် သြဂုတ် ၂၅ ရက်ကစလို့ မောင်တောနယ်စပ် ကုန်သွယ်မှု ရပ်ဆိုင်းသွားတယ်။ မနေ့က အောက်တိုဘာ ၁၄ ရက်ကစလို့ ကုန်တင်ပို့ပါတယ်။ ဆန်တန် ၂၀ လောက် စက်လှေအငယ်တစ်စင်း စထွက်ပါတယ်။ ကုန်သွယ်လက်ထဲမှာ ရှိနေတဲ့ ဆန်၊ ချင်းစိမ်း၊ ငါးခြောက် တွေကိုလည်း အခြေအနေပေါ် မူတည်ပြီး တဖြည်းဖြည်း ဆက်ပို့သွားဖို့ ရှိပါတယ်” ဟု မောင်တောနယ်စပ် ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောကြားသည်။

သို့ရာတွင် ကုန်သွယ်မှု ချောမွေ့မှုရှိ မရှိ စမ်းသပ်ကာ စက်လှေအငယ် တစ်စီးဖြင့် ဆန်တန်ချိန် ၂၀ ခန့် စတင်တင်ပို့ခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံတွင် ကျန်ရှိနေသည့် စက်လှေ ၁၃ စင်းကိုပြန်ယူကာ ဆက်လက် တင်ပို့ရမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်တွင် ကုန်တင်ပို့မှုမရှိဘဲ တစ်ဖက်နိုင်ငံမှ စက်လှေများ ပြန်ရောက်လာမည့် အခြေအနေ၊ ဆက်လက် ကုန်သွယ်မည့် အခြေအနေနှင့် အလုပ်သမား၊ စက်လှေတွင် လိုက်ပါမည့် လှေသမားများ အခြေအနေပေါ် မူတည်ကာ ပုံမှန်ကုန်သွယ်မှု အနေအထား ပြန်ရောက်ရှိအောင် သုံးသပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောကြားသည်။ မောင်တောနယ်စပ် ကုန်သွယ်ရေးသည် တစ်လကျော်ကြာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ပို့ကုန်မော်တော်ရေယာဉ် အစင်း ၂၀ စာ ကျန်ရှိကြောင်း သိရသည်။

Most Read

Most Recent